ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ပုစွန်ဆိတ် ဆင်ဝိုင်း၌ တပ်စွဲထားပြီး ထမင်းစားနေသော အကြမ်းဖက်စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က ပဲခူးရိုးမအတွင်း မျှစ်ချိုးလာသော ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုကာ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုစွန်ဆိတ် ဆင်ဝိုင်း၌ ယာယီတပ်စွဲစခန်းချ ရပ်နားကာ ထမင်းစားနေစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များမှ ၄၀ မမ ဗုံးသီး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝိုင်းဖွဲ့ထမင်းစားနေသော အကြမ်းဖက်စစ်သားများ အလယ်တည့်တည့်ကျရောက်ပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့ထမင်းစားမယ့်ချိန် စောင့်ပစ်တာ၊ ထမင်းစားနေရင်း တန်းလန်းနဲ့ ၃ ဦးသေတယ်၊ ပစ်တာက ၃ လုံး ပစ်တာ၊ တစ်လုံးအလယ်တည့်တည့်ကျကွဲတာ၊ တောထဲ မျှစ်ချိုးလာတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးလာတာပါ၊ ဖမ်းခံရတဲ့သူတွေတော့ များမယ်၊ မဲကြီးဆိုတဲ့အမျိုးသားတစ်ဦးပဲ နာမည်သိ ရပါတယ်” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။