ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အောက်တိုဘာလ ၃၀ ရက်နေ့မှစတင်၍ မြောက်ပိုင်းမဟာမိတ်တပ်များက ကြူကုန်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းတွင် ပန်ဆိုင်းရဲစခန်းကို သိမ်းဆည်းရရှိကြောင်း၊ အလားတူ စစ်တပ်စခန်းကိုလည်း သိမ်းဆည်းရရှိပြီး ပန်ဆိုင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်သည့်အနေအထား ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ပန်ဆိုင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ပန်ဆိုင်းမြို့ကတော့ တော်လှန်ရေးတပ်ဖွဲ့လက်ထဲ ရောက်သလောက်နီးပါးဖြစ်နေပြီ။ စစ်တပ်စခန်းကုန်းလည်းကျသွားပြီ။ ရဲစခန်းလည်း ကျသွားပြီ။ မြို့နားမှာ တပ်မရှိတော့ဘူး။ အခု စစ်တပ်က မြို့ထဲဘက်ကို လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ အခု မနက် ဗုံးကျဲနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ကြူကုတ်နှင့် ပန်ဆိုင်းမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ထားပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ထွက်ပြေးသွားကြကြောင်း သိရှိရသည်။