ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ ယနေ့နံနက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကွတ်ခိုင်မြို့နယ်ရှိ KIA တပ်ရင်း(၉)နယ်မြေ ဘတ်နွယ်တောင်သို့ စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ချီတက်လာ၍ ယနေ့ စက်တင်ဘာ ၄ရက် နံနက် ၇နာရီခွဲမှစတင် တိုက်ပွဲဖြစ်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေများကို စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်အခြေအနေများ မသိရသေးပေ။
KIA အနေဖြင့် စက်တင်ဘာ ၁ရက် ညပိုင်းကလည်း ဘတ်နွယ်တောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် စကခ(၁၇)တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ည ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်တွင် အသိပေးထားသည်။
တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့သည်လည်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ဇူလိုင်၂၃ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။