ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာမှာ မနေ့ ဩဂုတ် ၃ ရက်နေ့ ညနဲ့ ဒီနေ့ ဩဂုတ်လ ၄ ရက် မနက်ပိုင်းတွေမှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်တွေကို လက်နက်ကြီး လေ့ကျင့် ပစ်ခတ် သင်တန်းပေးနေပြီး ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့် နေကြတယ်လို ဒေသခံတွေက ပြောပါတယ်။
နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ဘက် ပစ်နေတာဟာ ပြည်သူ့စစ်တွေကို စစ်တပ်က လက်နက်ကြီး ပစ်ခတ် သင်ကြားနေတာဖြစ်ပြီး TNLA တွေ လာပစ်တာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
“အခု မနက်က ဟာက TNLA တွေနဲ့ မဟုတ်ဘူး။ လက်နက်ကြီးတွေ လေ့ကျင့် ပစ်ခတ်တာလို့ ပြောတယ်။ TNLA တွေတော့ ကွတ်ခိုင် အနီး မန်ဘန်ရွာမှာ ပြည့်နေတယ်။ လာပစ်ဖို့ စိန်ခေါ်နေတာလားတော့ မသိဘူး” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
“ဟိုမှာ အတုံးအရုံး သေကုန်တဲ့ ပြည်သူ့စစ်တွေ သင်တန်းပြီးတော့ လက်တွေ့ ဆင်းတဲ့သူတွေပါ။ အဲဒါကြောင့် အကုန်သေကုန်တာ” လို့ သူက ရှင်းပြပါတယ်။
ဩဂုတ်လ ၂ ရက်နေ့က မူဆယ်နဲ့ နမ့်ခမ်းကြားရှိ ဇယ်လန့်ရွာ အနီးက ရသေ့တောင်မှာ သေးသူတွေဟာ အဲဒီ သင်တန်းပြီးထားတဲ့ လူတွေလို့ သူက ထပ်မံ ရှင်းပြပါတယ်။
“တိုက်ပွဲဖြစ်တာရယ်လို့တော့ မဟုတ်ဘူး” လို့ နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မနေ့ည ၉ နာရီ ကျော်ခန့်က နမ့်ဖတ်ကာရွာ စစ်တပ်ကုန်းကနေ လက်နက်ကြီး ပစ်ခတ်သံ ၂ ချက် ၃ ချက် ကြားရပြီးနောက် လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရလို့ ဒေသခံတွေ ထိတ်လန့် ပုန်းအောင်းနေကြရတာလို့ သူက ပြောပါတယ်။
“အသံ ဒုန်းဆို အသံကြားတော့ လန့်နိုးလာတာ။ ခဏနေတော့ လက်နက်ငယ် အသံတွေပါ ကြားရတယ်။ အဲဒါနဲ့ အပေါ်ကနေ အောက်ကို ထွက်ပြေးလာတာ။ တချို့ တချို့ လူတွေတောင်မှ ခုတင်အောက်မှာ အိပ်မလို့ အိပ်တောင် ဝင်အိပ်လိုက်သေး ” လို့ သူက ထပ်မံ ပြောပြပါတယ်။
ဒီနေ့မှာလည်း စစ်ရေး အခြေအနေ မကောင်းတာကြောင့် ရွာထဲက လူတွေ ခြံတွေဘက် မသွားဖို့ ပြောနေကြလို့ အိမ်ထဲမှာသာ နေကြတယ်လို့ ဆိုပါတယ်။
“ဒီနေ့လည်း ထပ်ပစ်မယ် ပြောတယ်။ လေ့ကျင့်ရေး လုပ်မယ်ဆိုလားပဲ” လို့ သူက ရှင်းပြပါတယ်။
လတ်တလော မူဆယ်၊ မန့်ခမ်း၊ ကွတ်ခိုင် မြို့တွေမှာ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်း တပ်တွေနဲ့ TNLA တို့ တိုက်ပွဲ နေ့တိုင်းနီးပါး ဖြစ်နေတာပါ။