ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ၃၈ မိုင်၊ မန်ပြိန်းရွာ အနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကား ၁၈ စီးပါ စစ်ယာဥ်တန်းကို ကချင်လွတ်မြောက်ရေး တပ်မတော်-KIA က စောင့်ကြို တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့က လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို မနေ့ အောက်ဘာလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်မှာ KIA က တိုက်ခိုက်ရာ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကား တစ်စီး လက်နက်ကြီး ထိမှန် ပျက်စီးကာ စစ်သား ၅ ဦး သေဆုံးတယ်လို့ မြေပြင် သတင်းအရင်းမြစ်တွေက ပြောပါတယ်။
“စစ်တပ် အလောင်း ၅ လောင်း တွေ့တယ်။ ဒဏ်ရာရတဲ့ ဟာတွေလည်း ရှိတယ်။ ကားတစ်စီးလည်း လုံးဝ စီးလို့မရတဲ့အထိ ဖြစ်သွားတယ်။ အလောင်းတော့ သူတို့သယ်သွားလား မသယ်ဘူးလား မသိသေးဘူး” လို့ KIA မြေပြင် တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အဆိုပါ စစ်ယာဉ်တန်းဟာ ကွတ်ခိုင်မြို့နယ် ဗျူဟာတပ်စခန်းထဲ ဝင်ရောက်သွားပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ မူဆယ်မြို့ဘက် ဦးတည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်က သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်း ထဲကနေ KIA တည်ရှိရာ နေရာကို လက်နက်ကြီးတွေ ပစ်ခတ်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။