ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့်ပတ်ဝန်းကျင် ရွာများ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
အကြမ်းဖက်စစ်တပ်က စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာကို ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင် လာကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်း ကျေးရွာတွင် တပ်စွဲထားသော စစ်တပ် တပ်ရင်း ၁၂၃ က လက်နက်ကြီး များဖြင့် ကျေးရွာအတွင်းထဲသို့ ရမ်းသမ်း ပစ် ခတ် ခဲ့ကြောင်း၊ ပန်လောကျေးရွာ၊ မိုင်းယုလေးကျေးရွာနှင့် နမ့်ဖတ်ကာ ကျေးရွာကျေးရွာတို့တွင် ပြည်သူပိုင်နေအိမ်များ ပျက်စီးမှုများ ကြုံတွေ့နေရ ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ ရမ်းကားမှုများ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ် ခတ် မှုများကြောင့် နမ့်ဖတ်ကာကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ များမှာ ရွာများတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင် နေကြရ ကြောင်း သိရှိရသည်။
“ပြည်သူတွေ အကုန်ရှောင်နေကြပြီ။ စစ်တပ်က ရမ်းသမ်းပစ်ပြီးတော့ KIA က ပစ်တာပါဆိုပြီး ဝါဒဖြန့် ပြည်သူတွေနဲ့ ရန်တိုက်ပေးတာတွေရှိတယ်။ နေ့၊ ည ပရမ်းပတာ လက်နက်ကြီးနဲ့ ပစ်နေတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးထိတဲ့ ရွာက ၃ ရွာရှိတယ်။ မိုင်းယုလေးကျေးရွာ၊ နမ့်ဖတ်ကာကျေးရွာ၊ ပန် လော အုပ်စု။ ဒီရွာ ၃ ရွာကိုတော့ အုပ်စုလို့ခေါ်တယ်။ မနေ့ညကနေ ဒီနေ့အထိ ပစ်နေတာ။ ပြည်သူတွေလည်း ထိခိုက်မှုရှိတယ်” ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။