ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဗျူဟာတပ်ရင်းကို ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် KIA က သွားရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းစစ်ဗျူဟာတွင် ခလရ ၄၅ နှင့် ၂၄၁ စစ်ကောင်စီတပ်တို့ တပ်စွဲနေပြီး ယမန်နေ့ည တိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးလက်နက်ငယ်များ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ည ၈ နာရီခွဲအချိန်လောက်တော့ ဟုတ်တယ်။ တစ်ဖက်က အရင်လာပစ်လိုက်သလိုကြားတော့ စစ်ကောင်စီတပ်က ပြန်ပစ်တယ်။ မိနစ် ၂၀ လောက်ရှိမယ်။ လက်နက်ကြီးလက်နက်ငယ် အပြန်အလှန်တော့ ပစ်ခတ်နေကြတယ်။ စစ်ကောင်စီဗျူဟာဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေ ပြန်ပစ်တယ်။ နှစ်ဖက်အထိအခိုက်တော့ မသိရဘူး။”ဟု ဒေသခံက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲငယ်များ နေ့တိုင်းညတိုင်းလိုလို ဖြစ်ပွားနေသည်ဟု သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
ဇွန်လ ၁၁ ရက်နေ့တွင်လည်း လားရှိုးမြို့နယ်၊ မန်ဘန်ကျေးရွာအနီး၌ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာပြည်သူများ လားရှိုးမြို့ရှိ ကက်သလစ်ဘုရားကျောင်းသို့ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။
၎င်းတိုက်ပွဲကြောင့် အရပ်သားအမျိုးသမီး ဒေါ်မာရွမ် အသက်(၄၀) နှစ်အရွယ် သေဆုံးခဲ့ရပြီး၊ အသက် (၁၄) နှစ်အရွယ် ဆယ်ကျော်သက်လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုလ ဇွန်လအတွင်း ရှမ်းပြည်မြောက်ပိုင်းဒေသရှိ မြို့နယ်အချို့တွင် တိုက်ပွဲများ ကြိုကြားကြိုကြား နေ့ရောညပါ ဖြစ်ပွားနေကြောင်း သိရသည်။