ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ညနေတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၁၇ရက် ညနေ ၅နာရီ ၁၅မိနစ်တွင် ကွတ်ခိုင်မြို့နယ် မုံးယားဒေသ နမ့်ဖားရွာအခြေစိုက် စစ်ကောင်စီတပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“နမ့်ဖားရွာ အခြေစိုက် စကစ စစ်တပ် ခမရ(၅၆၇) စခန်းကို KIA တပ်ရင်း(၃၆)တပ်ဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ။ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
သို့သော် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အခြေအနေကို မသိရသေးပေ။
KIAသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အခြေစိုက်(၁၂၃) တပ်၏ လက်အောက်ခံ တာမိုးညဲဒေသ တက္ကနိုင်း စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါ တပ်စခန်းမှ လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ် ၂၀ကျော်သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောကြားထားသည်။