ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်က ကွမ်းလုံစခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့တွေနဲ့ ပါဝင်တိုက်ခိုက်ရင်း ဓနု PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရ သွားပါတယ်။
ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P3-1003) က ၁၀၂၇ စစ်ဆင်ရေးအဖြစ် MNDAA ကွပ်ကဲမှုအောက်မှာ ပါဝင်တိုက်ခိုက်နေတာမှာ ရဲဘော် မုန်တိုင်း (ခ) စိုးမိုးထွန်းနဲ့ ရဲဘော် အောင်ပြူး (ခ) သိန်းထိုက်စိုး တို့ ကျဆုံးခဲ့တာဖြစ်ပါတယ်။
P3-1003 ရဲ့ မှော်ဘုရင်စစ်ကြောင်းတာဝန်ခံက “ကျဆုံးသွားခဲ့ရတဲ့ ကျနော်တို့ ရဲဘော်နှစ်ယောက်စလုံးက ရွာငံဇာတိပါ။ MNDAA မှာ သင်တန်းသွားတက်ပြီး တိုက်ပွဲအတွေ့အကြုံတွေယူရင်း ပါဝင်တိုက်ခိုက်နေတာပါ” လို့ ပြောပါတယ်။
အဆိုပါ ကွမ်းလုံတိုက်ပွဲအတွင်း ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P3_1003) မှ ရဲဘော် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဦးညွှတ်အလေးပြုပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကာ ဓနုဒေသသာမက စစ်ကောင်စီအင်အားစုတွေ တည်ရှိရာအထိ တိုက်ထုတ်သွားမယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ အမှတ် P3-1003 တပ်ရင်း ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ကလည်း ဒေသတွင်း စစ်ကောင်စီဌာနဆိုင်ရာတွေကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။