စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ပြည်သူ ၃၀ နီးပါး ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇန်နဝါရီ ၃ရက်) နံနက်၉နာရီခန့်က ရေဦးမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော အင်အား(၁၀၀)ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်ခြင်းမရှိ အသံမပေးဘဲ ခင်ဦးမြို့နယ် အနောက်ခြမ်းကျေးရွာများသို့ ခြေလျင်စစ်ကြောင်း ထိုးလာခဲ့သည်။
ထို့ကြောင့် ရေဦး-ခင်ဦး ကားလမ်းမဘေးရှိ အင်တိုင်း(မြောက်)ရွာနှင့် မြင်းဒေါင်း ကျေးရွာများမှ ဒေသခံပြည်သူများမှာ ရုတ်တရက် အငိုက်မိ၍ ပြည်သူ ၃၀ခန့် ဖမ်းဆီးခံထားရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသူများတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များပါဝင်ပြီး ယာတောများတွင် တောင်သူလုပ်နေသူများပါ ရုတ်တရက် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“အဖမ်းခံရတဲ့ပြည်သူတွေကို မြင်းဒေါင်း ဘုန်းကြီးကျောင်းထဲခေါ်သွားတယ်။ ဝင်ဝင်လာချင်းတုန်းက အသံမပေးဘူး။ ရေဦးဘက်ပြန်ဆုတ်သွားပြီဆိုပြီး ဒေသခံတွေက လုပ်မြဲတိုင်းလုပ်နေတာ။အဲဒီမှာ ရုတ်တရက်တချို့လူတွေမိသွားတာ”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့ညပိုင်းအထိ မြင်းဒေါင်းကျေးရွာဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့တွင် ရှိနေကြောင်း၊ မြင်းဒေါင်းအပါအဝင် မကျီးအုပ်၊သရက်ပင်စု၊ယာတော်၊ကားဆိပ်နှင့် အင်တိုင်း (မြောက်)စသည့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အနွေးထည်နှင့် စားနပ်ရိက္ခာအခက်အခဲရှိနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ယင်းစစ်ကြောင်းသည် ယမန်နေ့နံနက်က ရေဦးမြို့နယ်ရှိ PDFစခန်းငယ်တစ်ခုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်းPDFများက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် စစ်ကြောင်းသည် ခင်ဦးမြို့နယ်သို့ပါ ဆက်လက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။