စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Khin U Special Force Organization မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၉ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် အင်းပတ်ကျေးရွာ မြောက်ဘက် ခင်ဦး-မုံရွာ ရထားသံလမ်းဘူတာမှ လက်နက်ကြီး ၄၀ မမ၊ ၆၀ မမ များနှင့် လက်နက်ငယ်များ ပစ်ခတ်ကာ အင်းပတ်ကျေးရွာ အတွင်းဝင်ရောက်ရန် ကြိုးစားနေသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Khin U Special Force Organization KSO တပ်ဖွဲ့ နှင့် မြို့နယ် ပကဖ တပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ရေဦးမြို့မှ Super Custom ကားနှင့် ပြည်သူပိုင် ကား ၁ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရေဦးတိုင်းရင်းဆေးရုံ အထိုင်ရှိ အကြမ်းဖက် စစ်သားများက ၁၂၀ မမ ၄ လုံးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အင်းပတ်ကျေးရွာ အရှေ့တောင် မရမ်းအင်းရွာမှ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲအနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ ထံမှ သိရသည်။
သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၆ မှ ထွက်လာသည့် စစ်သားများသည် အောင်မိုးလမ်းခွဲ အနီး ကင်းပုန်းဝပ်ရန် ရောက်ရှိလာစဥ် ရေစကြိုမြို့နယ် ပကဖ အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။