စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်ရင်း အသက် ၆၆ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မရမ်းအင်ရွာမှ စစ်ဘေးရှောင် အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်မြဝင်းသည် စစ်ရှောင် တိမ်းရှောင်ရင်း အမော ဖောက်ကာ သေဆုံးခဲ့ပြီး စစ်ရှောင်သည့် နေရာ၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
” စစ်ဘေးရှောင်နေတာက ဇွန်လ ၂ ရက်နေ့ကတည်းကပါ။ သေဆုံးသူက မရမ်းအင်ရွာက စစ်ဘေးရှောင် ဒေါ်ခင်မြဝင်း အသက် ၆၆ နှစ်ပါ။ ဇွန်လ ၄ရက်နေ့မှာ စစ်ရှောင်ရင်း အမောဖောက် သေဆုံးသွားတာ စစ်ရှောင်တဲ့ နေရာပဲ သင်္ဂြိုလ်လိုက်တယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တိုက်နယ် ၂ ဒေသများ ဖြစ်သည့် ရွာသစ်ကျေးရွာ ၊အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးကျေးရွာ၊ မရမ်းအင်းရွာ၊ ကုန်းသာရွာ၊ သဲကုန်းကြီးရွာ၊ ကျီးအိုင်ရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ မုံတောရွာ စသည့် ကျေးရွာ ၁၂ ရွာက ဒေသပြည်သူ ၁၀၀၀၀ ကျော်သည် ဇွန်လ-၁ရက်နေ့မှ စကာ ယနေ့အထိ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
ခင်ဦးမြို့အတွင်း ရောက်ရှိနေသော စစ်ကြောင်းသည် ရေဦးနှင့် အင်းပတ်ကွေ့မှ စစ်သားများ နှင့် ရွာသစ်ကုန်း ပျူစောထီးများ ပူပေါင်းထားသော စစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသောခြင်းကြောင်း ပြေးသူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရှိရသည်။