စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအဖွဲ့များက နှစ်ရက်ဆက်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသောအင်အား ၁၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့(သြဂုတ် ၃၁ရက်) ညနေပိုင်းက လောင်းရှည်ကျေးရွာအနီး၌ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်သား နှစ်ဦးသေဆုံးပြီး ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း ထည့်၍ မီးရှို့အလောင်းဖျောက်သွားကြောင်း၊ မီးရှို့ခံရသည့်အိမ်အတွင်းမှ ရုပ်အလောင်းနှစ်ခု၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့တွေ့ရှိကြောင်း အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“ကျည်ဘောက်တွေမချွတ်ဘဲ ရှို့သွားတာ တွေ့တယ်။ အရိုးခေါင်းနှစ်ခုလည်း တွေ့တယ်။”ဟု ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် လောင်းရှည်ကျေးရွာတွင် ညအိပ်ပြီး ယနေ့(စက်တင်ဘာ ၁ ရက်န) နံနက်ပိုင်းတွင် စစ်ကြောင်း ပြန်ထွက်ခဲ့သည်။
ယင်းစစ်ကြောင်းကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ)များ၊တိုက်နယ်(ပကဖ) ခေါင်းဆောင်နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ငယ်များဖြင့်ပါ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
“တိုက်ပွဲက နာရီဝက်ကျော်မယ်။ အထိအခိုက်များတယ်။ ထိတဲ့ကောင်တွေကိုတော့ ထမ်းစင်တွေနဲ့ သယ်သွားတာတွေ့တယ်။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။
သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ကြောင်းကြောင့် ခင်ဦးနယ်တောင်ခြမ်းရှိလောင်းရှည်၊လက်ပံလှ၊ရွာသန်း၊ ပေါက်တုံ၊ ကျီးကန်ဉနှင့် ရေအေးကုန်း စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၆,၀၀၀ ကျော်မှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။