စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က တဲစုရွာကို အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၉ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအကြမ်းဖက်စစ်တပ်ဟာ မြင်းဒေါင်းရွာ ဘုန်းကြီး ကျောင်းမှာ ၄ညတာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ဒီကနေ့ ဇွန် ၂၄ရက် မနက် ၄နာရီမှာ မြင်းဒေါင်းရွာကနေ ထွက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီနောက်မှာ တဲစုရွာအရောက်မှာ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးအရွာတွင်းကပြည်သူတွေကြားကို လက်နက်ကြီး(၃)ကြိမ်ကျခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးထိမှန်လို့ ပြည်သူ(၉)ဦးကျော်ထိခိုက်ဒဏ်ရာရပြီး ဒေါ်မိုးဆွေ(၄၅)နှစ်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ တဲစုရွာကနေ ကာဘိုးမူးဘောင်ကို ဖြတ်ပြီး မြစ်တော် – အင်တိုင်ကြီးကို ဦးတည်ပြီး ရှေ့ကင်းစထွက်ကာ မြစ်တော်ရွာထဲကို ဝင်ရောက်ပြီး စတင်ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
စီးနင်းပစ်ခတ်မှုတွေကြောင့် တဲစု၊ မြစ်တော်၊ကံသစ်၊ဂွေးကုန်း၊အင်တိုင်းကြီး စတဲ့ကျေးရွာတွေက ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။