စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများမှာ စခန်းအချို့ စွန့်ခွာပြီး ရေဦးမြို့ပေါ်သို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ခင်ဦးမြို့နယ်၊ ရေဦး – ခင်ဦးကားလမ်း၊ မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်စခန်းအား နိုဝင်ဘာ ၆ ရက်ကလည်းကောင်း၊ ရွာသစ်ကုန်းကျေးရွာရှိ စခန်းနှင့် အင်းပတ်ကွေ့စခန်းတို့မှ စစ်ကောင်စီတပ်သားများမှာ နိုဝင်ဘာ ၈ ရက်ကလည်းကောင်း စခန်းစွန့်ခွာသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
“ရွာသစ်ကုန်း ပျူစခန်းနဲ့ အင်းပတ်ကွေ့ဈေးတန်းက ကောင်တွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကတည်းက ရေဦးမြို့ကို ပစ္စည်းတွေနဲ့ ဇနီးတွေကို ရေဦးမြို့ထဲ ပြောင်းရွှေ့ပို့ခဲ့ကြတယ်။ မူးတိမ်ချောင်းတံတားနား အထိုင်ချထားတဲ့ကောင်တွေလည်း ရေဦးကို ၆ ရက်နေ့ညကြီး ကြောက်လို့ ထွက်ပြေးတာ။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါတပ်စခန်းများတွင် တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၂၀ခန့်ရှိပြီး ဘန်ကာ စုစုပေါင်း ၂၇ လုံး၊ အဆောက်အအုံ ၃၂လုံးခန့်ရှိကြောင်း သိရသည်။
ခင်ဦးမြို့ပေါ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း ညပိုင်းတွင် နေရာအတည်တကျ မအိပ်ရဲဘဲ ပြောင်းရွှေ့အိပ်နေရကြောင်း၊ ထို့အပြင် မြို့ပေါ်နေပြည်သူများအား ညနေ ၄နာရီနောက်ပိုင်း လမ်းပေါ်မထွက်ရန် ခြိမ်းခြောက်ထားပြီး ပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၇လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း၊ ပြည်သူ့ရဲဘော် လေးဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။