စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြင်ထောင်ပျူရွာနှင့် ဖုတ်ကုန်းပျူမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီ ၂၄ မိနစ်အချိန်တွင် ခင်ဦးမြို့နယ်၊ ပြင်ထောင်ပျူရွာကို ဗုံးသီး ၁၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးထိခိုက်သေ ဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်ခန့်တွင် ရွှေဘိုမြို့လေ့ကျင့်ရေး ၈ တပ်မှ စစ်ကောင်စီတပ်သားများနှင့် ခင်ဦးမြို့နယ်၊ ဖုတ်ကုန်းပျူရွာမှ ပျူစောထီးများ ပူးပေါင်းပြီး ထွက် လာသော စစ် ကြောင်းကို ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဖုန်းကုန်းပျူရွာမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၂ ချက်ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဖုတ်ကုန်းပျူရွာက ဟောင်ဝှစ်ဇာလက်နက်ကြီး အထိတပ်ဆင်ပေးထားတဲ့ရွာပါ၊ ချောင်းဆုံရွာ ဘက် ကိုထွက်လာတာ၊ တော်တော်တော့ ထိလောက်တယ်၊ အခုက မကျည်းတုံရွာကို ဝင်သွားပြီ။ ဖုတ်ကုန်းနဲ့ချောင်းဆုံကြားမှာလည်း ဒေသကာကွယ်ရေး အဖွဲ့တွေက မိုင်းဆွဲသေးတယ်။ အဲဒီမှာလည်း ထိတယ်လို့ သိရတယ်၊ မဒေါင်းလှပျူနဲ့ စစ်ခွေးတွေလည်း စစ်ကြောင်းတစ်ကြောင်းထွက်တယ်လို့ သိရတယ်၊ ဘယ်ကို ဦးတည်မလဲတော့ မသိရသေး ဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ Eagle Guerilla Force ဗိုလ်ကောက်ရိုး(ဗုံးသီး ထုတ်လုပ်ရေး) ၊ ကျောက်ဆည်နဂါးနီခရိုင် တပ်ရင်း ၁ ၊ Lighting Drone Force ၊ Feature Hero ၊ ခင်ဦးမြို့နယ် KSO အဖွဲ့နှင့် ခင်ဦးတိုက်နယ် ပကဖ ၃ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။