စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အတွင်း ဝါသဝစစ်ကြောင်းက အင်အား ၁၃၀ ခန့်နဲ့ ဒီနေ့မှာ ရေဦးဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာ ၁၃ ရွာက ဒေသခံပြည်သူ ၆၀၀၀ ကျော် စစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကားဆိပ် ၊ သရက်ပင်စု ၊ ယာတော် ၊ကျွန်းတောကြီး ၊ ဥယဥ် ၊ မြင်းကျ ၊ မကျီးအုပ် ၊ မြင်းဒေါင်း တဲစု ၊ အင်တိုင်းကြီး ၊သရက်ကုန်း၊ ကင်းပြစ် ရှင်မင်းတွေ စတဲ့ကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက် ဝါသဝ စစ်ကြောင်းက ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်မှာ ရေဦးမြို့ကနေ ထွက်လာပြီး တော့ ခင်ဦးမြို့နယ် ၊ ကျွန်းတောကြီးရွာ တောင်ဘက်ကနေ မူးဘောင်တက်ပြီး မြင်းကျရွာ မြောက်ဘက်ကနေ ပျူရွာဖြစ်တဲ့ ပျဉ်ထောင်ရွာကို ရိက္ခာဝင်ပို့နေတာလို့လည်း သိရပါတယ်။