စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ဆီဆုံလေးရွာက ဒေသခံပြည်သူတွေ စပါးရိတ်သိမ်းနေချိန် စစ်အုပ်စုနဲ့ပျူတွေက စပါးရိတ်သိမ်းစက်ကို လက်နက်ပြ မိုက်ကြေးခွဲကာ လုယက်ယူဆောင်သွားတဲ့အတွက် လိုက်လံတိုက်ခိုက်ရာမှာ ပျူတချို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ခင်ဦးနယ် အခြေပြု မြန်မာ့တော်ဝင်နဂါးတပ်တော် – M. R. D. A စေတန်အဖွဲ့က ပြောပါတယ်။
ဇူလိုင်(၈)ရက် မနက်ပိုင်းက ခင်ဦးမြို့နယ် ဆီဆုံလေးရွာက ဒေသခံပြည်သူတွေ စပါးရိတ်သိမ်းနေချိန် မဒေါင်းလှရွာ ပျူစခန်းမှာ အထိုင်ချနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေက စပါးရိတ်သိမ်းသက်ကို လာရောက် လုယက်သွားတာလို့ ဆိုပါတယ်။
“ရိတ်သိမ်းစက်ကတော့ ပျူတွေလက်ထဲ ပါသွားတယ်ဗျ။ သူတို့က အင်အား(၈၀)လောက်နဲ့ လုယက်ယူသွားတာ။ စက်လုသွားလို့ ကျနော်တို့က မဒေါင်းလှရွာ ပျူစခန်းကို လက်နက်ကြီးနဲ့ တိုက်ခိုက်တာ” လို့ MRDA စေတန်အဖွဲ့က MFP ကို ပြောပါတယ်။
ဇူလိုင်(၈)ရက် မနက်(၁၁)နာရီကျော်က ခင်ဦးမြို့နယ်၊ ဆီဆုံလေးကျေးရွာက ပြည်သူတွေ စပါးရိတ်သိမ်းနေချိန် ခင်ဦးမြို့နယ် မဒေါင်လှပျူရွာ စစ်အုပ်စုနဲ့ ပျူတွေက ပြည်သူပိုင် စပါးရိတ်စက်တွေကို လာရောက် လုယက်ရာ ဒေသကာကွယ်ရေး တပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်အုပ်စုနဲ့ ပျူတွေက စက်တစ်လုံးကို လုယက်ယူဆောင်သွားရာ M. R. D. A စေတန်အဖွဲ့၊ Royal Tiger တပ်ဖွဲ့၊ B. W. G. R. F အဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မဒေါင်းလှရွာ ပျူစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပျူစခန်းအတွင်း ကျရောက်ပေါက်ကွဲလို့ ပျူ လေးယောက် သေတယ်လို့ M. R. D. A စေတန်အဖွဲ့က ထုတ်ပြန်ပါတယ်။
ပျူ အသေအပျောက် အခြေအနေနဲ့ ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ခင်ဦး အပါအဝင် ရွှေဘိုနယ်ထဲ စစ်အုပ်စုနဲ့ ပျူတွေက ဒေသခံတောင်သူတွေကို စပါးစိုက်ပျိုးခွင့် မပေးဘဲ လက်နက်ပြ မိုက်ကြေးခွဲ လုယက်တာတွေ ကျူးလွန်နေသလို စပါးရိတ်သိမ်းဖို့အတွက် လူအရေအတွက်အလိုက် အသက်အာမခံကြေး သဘောမျိုး စစ်အုပ်စုကို ငွေပေးပြီးမှ စပါးရိတ်သိမ်းခွင့် ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။