စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားမှာ အထိုင်ချနေတဲ့ အဖွဲ့က စစ်အုပ်စု နှစ်ယောက် ဒီနေ့လည်ပိုင်း ခင်ဦး-ရေးဦး ကားလမ်းပေါ် ရောက်ရှိလာချိန် ပစ်ခတ်ခဲ့ရာ စစ်အုပ်စု နှစ်ယောက်လုံးသေပြီး သေနတ်နှစ်လက် သိမ်းဆည်း ရရှိတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ မေ(၁၀)ရက် နေ့လည်(၁၂)နာရီခွဲအချိန် ခင်ဦး-ရေးဦး ကားလမ်းပေါ် ရောက်ရှိလာတဲ့ စစ်အုပ်စု နှစ်ယောက်နဲ့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)နဲ့ နယ်မြေခံ ကာကွယ်ရေးအဖွဲ့ (LDF) ပူးပေါင်းတပ်တွေ ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ကိုင် နှစ်ယောက်ကို အသေပစ်ခတ် နိုင်ခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်သော (MA 1) သေနတ် တစ်လက်၊ (AK-47) သေနတ်တစ်လက်၊ (5.56)ကျည် (၁၅)တောင့်၊ ကျည်ဘောက် သုံးဘောက် စသည့် ပစ္စည်းများကိုပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိမ်းဆည်းနိုင်ခဲ့” လို့ ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်ပါတယ်
ပစ်ခတ်ချိန် သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခင်ဦးနဲ့ ရေဦးနယ် အပါအဝင် ရွှေဘိုနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို တော်လှန်ရေး အဖွဲ့တွေကလည်း စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။