မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၉၁) တပ်မှ ဒုတပ်ရင်းမှူးကို ယနေ့ ရှင်းလင်းလိုက်ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။
စက်တင်ဘာ ၃၀ရက် နံနက် ၁၁နာရီခွဲခန့်တွင် ခမရ(၅၉၁) တပ်ရင်းနှင့် မီတာ ၅၀၀ ခန့်အကွာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ဒီနေ့ ၁၁နာရီခွဲလောက်မှာ တပ်ရင်းကနေ ရေးဘက်ကိုအလာ လမ်းခုလပ်မှပဲရှင်းလိုက်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါ ဒုတပ်ရင်းမှူးသည် ပြောင်းလာသည်မှာ မကြာသေးကြောင်း ၎င်းကဆိုသည်။
“ရာထူးတာဝန်ပဲ သိပါတယ်။ နာမည်အတိအကျ မသိပါဘူး” ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဒုတပ်ရင်းမှူး အမည်မေးမြန်းမှုအပေါ် ပြောပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု မရှိခဲ့ကြောင်း၊ ရေးဘီလူးအဖွဲ့က နေရယူ စောင့်ပစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရေးဘီလူးအဖွဲ့က စစ်ကောင်စီအရာရှိအား တိုက်ခိုက်ခဲ့မှု အခြေအနေနှင့်ပတ်သက်ပြီး ရေးမြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များ ထပ်မံ စုံစမ်းနေဆဲဖြစ်သည်။
ရေးဘီလူးအဖွဲ့သည် ယခုစက်တင်ဘာလအတွင်း ရေးမြို့လယ်ရှိ မြ၀တီဘဏ်စောင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်း၊ ရဲသတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကို ရေးမြို့လယ်၌ပင် ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။