စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း၂ ၊ စစ်ဒေသအထူး တပ်ရင်း ၂ ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ကလေး-တမူး အာရှ အဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ ၃ ရက်နေ့က စတင်၍ ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမှတ် ၁ စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ပြီး တိုက်ပွဲနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။