စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက အလုံးစုံထိန်းချုပ်ထားပြီး အခြေအနေ တည်ငြိမ်နေပြီဟု သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို ပြန်သိမ်းမည်ဟုဆိုကာ စစ်ကောင်စီတပ်က အင်အား ၁၂၀ခန့်ဖြင့် ဒီဇင်ဘာလဆန်းတွင် စစ်ကြောင်းထိုးလာခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်ခန့်တွင်တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာ ၁၇ရက်နံနက်က တိုက်ပွဲတွင် တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ယခုအခါ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာ အလုံးစုံပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်နေစဉ်ကာလက တိမ်းရှောင်နေသည့်ဒေသခံများသည် မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ပြီဟု သိရသည်။
” စုစုပေါင်း သုံးပန့် ငါးဦးဖမ်းမိတယ်။ ငါးယောက်တစ်ဖွဲ့ သုံးယောက်တဖွဲ့နဲ့ ဦးတည်ရာထွက်ပြေးနေတဲ့ အဖွဲ့တချို့လည်း ရှိနေတယ်။ ၃၀ ခန့်ပါတဲ့အဖွဲ့ကတော့ ဖောင်းပြင်ကိုရောက်သွားပြီး စစ်ကောင်စီနဲ့ သွားပေါင်နေတယ်။ မြို့ကို ဒီကောင်တွေ လာသိမ်းတာ မရပါဘူး”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်နေစဉ်၌ ဒေသခံစုစုပေါင်း တစ်သောင်းခန့်သည် ဘေးလွတ်ရာထွက်ပြေးနေခဲ့ကြရသည်။ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို သတိပြုရန်လိုအပ်နေသော်လည်း မြေပြင်၌ အခြေအနေတည်ငြိမ်နေ၍ ဒေသခံများ ပြန်ဝင်လာကြခြင်းဖြစ်သည်။ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၅ရက်တွင် လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးပြုလုပ်ထားသည်။
ဒီဇင်ဘာ ၁၀ရက်က တိုက်ပွဲဖြစ်ပွားနေစဉ် ခမ်းပါတ်မြို့၊အမှတ်(၁)ရပ်ကွက်ရှိ AG မိဖမဲ့ဂေဟာကို စစ်ကောင်စီကတပ်စွဲပြီး ညဘက်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ရာမိဖမဲ့ကလေးငယ် လေးဦး သေဆုံးခဲ့သည်။ ထို့အပြင် ကျောင်းအတွင်း ပိတ်မိနေသော ကလေးငယ် ၃၆ ဦးနှင့် ဝန်ထမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နောက်တနေ့တွင် ကယ်ထုတ်နိုင်ခဲ့သည်။
ယခုတစ်ကြိမ်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA-10 RPG 7 တစ်လက်၊ MG-3 တစ် လက်၊ MA-S1 MK2 တစ် လက် အပါအဝင် လက်နက်မျိုးစုံ ၁၇လက် သိမ်းပိုက်ရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဒီဇင်ဘာလ ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။