ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု တောင်ညို တောင်ခြေများတွင် စစ်ကောင်စီ စစ်ကြောင်းထိုးလာနေသည့်အပြင် နေ့ရောညပါ အမြှောက် လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ လှမ်းပစ်ခတ်သည့်အတွက် ဌာနေလူထု ၃,ဝဝဝ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ဇွန်လ ၂၆ ရက်နေ့မှစ၍ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှတစ်ဆင့် ကရင်ပြည်နယ် ကျိုက်ကမော့ တောင်ခြေအနီးဝန်းကျင်ရှိ ဒေသခံလူထုများ၏ ဥယျာဉ်ခြံများတွင် စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး တံခွန်တိုင်ရွာ ရဲစခန်းဝင်းတွင် ခြေကုပ်ယူတပ်စွဲ ထားသည့် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များထံသို့ ဦးတည်နေသည့်အတွက် ဒေသခံ ထောင်ချီအိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာအသီးသီးသို့ စတင်တိမ်းရှောင်နေကြပြီဟု စစ်ရှောင်ကူညီသူများက ပြောသည်။
၎င်းက “ လယ်လုပ်ငန်းလုပ်နေတဲ့အချိန်မှာ စိုက်လို့ပျိုးလို့တောင်မပြီးသေးဘူး။ စစ်ကြောင်း တက် လာတယ်ဆိုတော့ ဒီအတိုင်းပစ်ထားပြီး ထွက်ပြေးနေရတယ်။ ရွာထဲမှာရော လယ်ကွင်းထဲမှာရော လက်နက်ကြီးနေ့တိုင်းကျတော့ မနေရဲကြတော့ဘူးလေ။ တောင်ပေါ်က နှစ်ရှည် ဥယျာဉ်ခြံ သမားတွေလည်း ပြေးကုန်ကြပြီ။ ပေါ်တာဖမ်းမှာလည်း ကြောက်ရတယ်လေ” ဟု စစ်ဘေးတိမ်းရှောင်လာသူရွာသားတစ်ဦးက ယနေ့ ဇွန် ၂၉ ရက်တွင် ပြောသည်။
ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုသည် KNU ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုနယ်မြေတွင်ပါဝင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ အမြှောက် လက်နက်ကြီးများနှင့် ကျေးရွာအတွင်းသို့ ညတိုင်းလိုလိုလှမ်းပစ်ခတ်သည့်အတွက် လူနေအိမ်များ မကြာခဏထိမှန်ပျက်စီးခဲ့သလို ဒေသခံလူထုများလည်း ကျည်စထိမှန်ဒဏ်ရာရလျက်ရှိသည်ဟု ရွာသားများထံမှ သိရသည်။
ခလယ်၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူ၊ ပူးလိန်၊ နန်းသိုင်းထွန်ရွာရှိ ဒေသခံလူထု စုစုပေါင်း ၃,ဝဝဝ ကျော်သည် ဇွန်လ ၂၈ ရက်နေ့မှစ၍ ဘေးလွတ်ရာသို့ စတင်စစ်ဘေး တိမ်းရှောင်နေကြပြီး နီးစပ်ရာ ဆွေမျိုးများတွင် ယာယီစားသောက်နေထိုင်နိုင်ရန် ဖြေရှင်းနေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
တံခွန်တိုင်ကျေးရွာ ရဲစခန်းဝင်းတွင် ခြေကုပ်ရယူထားသည့် စစ်ကောင်စီတပ်နှင့် BGF အမှတ် ၁၀၂၁ တပ်ဖွဲ့တို့သည် ၎င်းတို့စခန်းလုံခြုံရေးအတွက် မွန်ပြည်နယ် အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ်ရင်းမှ ၁၂၂ မမ နှစ်လက်နှင့် ၁၂ဝ မမ လက်နက်ကြီးနှစ်လက်တို့ဖြင့် စခန်း အနီးဝန်းကျင်နှင့် ကျေးရွာများသို့ ပစ်မှတ်ချိန်ရွယ်ထားကာ နေ့စဉ် လှမ်းပစ်ခတ်လျက်ရှိသည်ဟု ရွာသားများထံမှ သိရသည်။