အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် ပါဝင်သည့်အဖွဲ့နှင့် ချက်နိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Jiří Oberfalzer၊ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ Pavel Fischer တို့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် လက်တွေ့ကျသည့်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုများ ပေးအပ်နိုင်ရေး၊ မြန်မာ့အရေး ဥရောပပါလီမန်နှင့် ဥရောပသမဂ္ဂအတွင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီးသည် Prague ခရီးစဉ် အတွင်း NUCC ၊ NUG နှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အကြား ကြိုတင်ညှိနှိုင်း သဘောတူချက်ရယူထားသည့် ဥရောပသမဂ္ဂ နှင့် အဖွဲ့ ဝင် နိုင်ငံများကို မေတ္တာရပ်ခံစာ ( Praha Appeal) ကိုလည်း ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။