ချင်းတွင်းမြစ်ကြောင်း သွားလာရေးမှာ အရေးပါတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းယူလိုက်နိုင်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။
ဟုမ္မလင်းမြို့ရဲ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ရွှေပြည်အေးမြို့ကို နိုဝင်ဘာလ ၂၁ ရက် မှာ စတင်တိုက်ခိုက်ခဲ့ပြီး နောက်ရက်မှာပဲသိမ်းယူနိုင်ခဲ့တာလို့သိရပါတယ်။
မြို့သိမ်းယူလိုက်နိုင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလာပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ဟုမ္မလင်းPDF က မြို့သိမ်း တိုက်ပွဲ ရုပ်သံမှတ်တမ်း ကို ဖေ့ဘွတ်ခ်ကတဆင့် ထုတ်ပြန်လာပါတယ်။
အဲဒီရုပ်သံမှတ်တမ်းဟာ ရွှေပြည်အေးမြို့ ရှိ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးခံစစ်ကုန်းကို သိမ်းယူဖို့ ဝင်ရောက်တိုက်ခိုက်နေတဲ့ရုပ်သံဖိုင်လို့ အသိပေးထားပါတယ်။
” ရန်သူက နောက်ဆုံးခံစစ်ကနေပြေးနေပါပြီ အမြန်ရေယာဉ်နှစ်စီးနဲ့ပြေးနေပါပြီ” လို့ ရုပ်သံဖိုင်ကို ရိုက်ကူးသူ PDF တပ်ဖွဲ့ဝင်က ပြောထားပါတယ်။
ရုပ်သံဖိုင်အရ ဝါးချွန်စည်းရိုး နှစ်ထပ်အခိုင်အမာ ကာရံထားပြီး ပစ်ကျင်းမြောင်းတွေတူးထားတဲ့ စစ်ကောင်စီစခန်းထဲကို PDF တပ်တွေ ဝင်ရောက်နိုင်တာတွေ့ရပြီး ပစ်ခတ်သံတွေကို ကြားနေရပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးနဲ့ လက်နက်ငယ် အလက် ၃၀ နီးပါးသိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံတွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ရွှေပြည်အေးဟာ ချင်းတွင်းမြစ်ရေကြောင်းလမ်းမှာ အချက်အချာ ကျပြီး ကုန်တင်သင်္ဘောတွေ ၊သစ်တင်သင်္ဘောတွေ တစ်ထောက်ရပ်နားရာ ဖြစ်တယ်လို့သိရပါတယ်။
ဖောင်းပြင်နဲ့ ဟုမ္မလင်း မြို့ ကြားထဲမှာရှိတဲ့ ရွှေပြည်အေးမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တို့ ပူးတွဲအထိုင်ချထားတာပါ။
ရွှေပြည်အေးမြို့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က နှုတ်ဆိတ်နေပါတယ်။
SNA ရဲ့ပြောရေးဆိုခွင့်ရှိသူက တော့ တော်လှန်ရေးအင်အားစုတွေ မြို့ကို ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေတုန်းလို့ မြန်မာနောင်းမ်မီဒီယာကိုဖြေထားပါတယ်။
ရွှေပြည်အေး ဟာ ချင်းတွင်းမြစ်ဘေးက ရွာကြီး ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာ မြို့အဆင့် သတ်မှတ်ထားခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်ဖေဖော်ဝါရီလအတွင်းမှာလည်း ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို ရက်အတန်ကြာ ထိန်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်ရာမှာတော့ မြို့ကနေ ပြန်ဆုတ်ပေးခဲ့ရပါတယ်။