စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းက အကြမ်းဖက် စစ်တပ်ရဲ့ ထောက်ပို့သင်္ဘော ၂စီးကို PDFတွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KLG PDFက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းတွင်းမြစ်ဘေးတစ်နေရာမှာ သောင်တင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ထောက်ပို့ သင်္ဘော ၇စီးထဲက ထောက်ပို့ သင်္ဘော ၂စီးကို နိုဝင်ဘာ ၆ရက် ည၁၀နာရီ ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲကြာချိန် ၁နာရီအတွင်းမှာ သိမ်းပိုက်ရရှိခဲ့တာပါ။
သင်္ဘောဝမ်းဗိုက်ထဲကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးမှုတွေရှိနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23 KLG PDFနဲ့ ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF၊ ဒေသခံပကဖတွေ ပူးပေါင်းပြီးတော့ တိုက်ခိုက်နိုင်ခဲ့တာလို့ သိရပါတယ်။