ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်လိုက်မြို့ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက မော်လိုက်နှင့် ဖောင်းပြင်မြို့နယ်ကြား မြစ်ကျဉ်းတနေရာမှစောင့်၍ ယနေ့နံနက်ပိုင်း တိုက်ခိုက်ခဲ့သည်။
” ဝဲကသာနာကနေ စောင့်ပစ်တာ။ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က သူထိတော့ ကုန်းပေါ်တက်လာပြီး စစ်ကြောင်းထိုးနေတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဉီးက ပြောသည်။
လက်နက်တပ်ဆင်ထားသည့် စစ်သင်္ဘောသုံးစီး၊ ရိက္ခာတင်သင်္ဘောရှစ်စီးနှင့် တွန်းသင်္ဘောအချို့အပါအဝင် ၁၆စီးပါ အဆိုပါ စစ်သင်္ဘောအုပ်စုသည် မော်လိုက်မြို့မှ ဩဂုတ် ၃၀ရက်တွင် ထွက်ခွာလာခြင်းဖြစ်သည်။ ယနေ့(စက်တင်ဘာ ၂ရက်)တွင် မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စု၊ ဝဲကသာရွာအနီးသို့အရောက်တွင် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” မြစ်အကျဉ်းဆုံးနေရာကနေ သေချာစောင့်တိုက်တာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဉီးက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်သင်္ဘောအုပ်စုမှ မော်တော်အချို့သည် ကမ်းကပ်ကာ ဝဲကသာကျေးရွာကို စစ်ကြောင်းထိုးနေသည်ဟု သတင်းရရှိသည်။ ဝဲကသာရွာသည် ယခင်ကလည်း စစ်ကောင်စီစစ်ကြောင်းထိုးဖူး၍ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာဖြစ်သည်။
အဆိုပါစစ်သင်္ဘောအုပ်စုသည် ယမန်နေ့နံနက်ကလည်း မော်လိုက်မြို့နယ်၊ ယူးဝကျေးရွာကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ရွာဘုန်းကြီးကျောင်း၌ ဝင်ရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။ ထို့နောက် သဝန်ရွာအနီးတွင် ညအိပ်ပြီး ယနေ့ ဆက်လက်ထွက်ခွာနေခြင်းဖြစ်သည်။
မော်လိုက်မြို့မှ ထွက်ခွာပါက ချင်းတွင်းမြစ်ကြောင်းအတိုင်း မိုင် ၅၀ခန့်အကွာတွင် ဖောင်းပြင်မြို့နှင့် မိုင်(၉၀)ခန့်အကွာအဝေးတွင် ဟုမ္မလင်းမြို့ရှိနေသည်။ ထို့ကြောင့် မြစ်ကြောင်းတလျှောက်မှ ပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။