စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်းရှိ စစ်ကောင်စီ ထောက်ပို့ရေယာဉ်အုပ်စုမှ သင်္ဘောကိုးစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူရရှိခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG PDF)တပ်မဟာက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၆ ရက်က ချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်မှ စုန်ဆင်းလာသော ကုန်တင်ရေယာဉ် နှစ်စီး(ဖလက်ယာဉ်)နှင့် နိုဝင်ဘာ ၉ရက်တွင် နောက်ထပ်တွန်းသင်္ဘော ခုနစ်စီးကိုသိမ်းယူနိုင်ခဲ့ခြင်းဟု သတင်းရရှိသည်။
အဆိုပါသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(နိုဝင်ဘာ ၁၁ရက်)တွင် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။
” သင်္ဘောပေါ်မှ ပစ္စည်းများ ယနေ့မှချယူ၍ ပြီးစီးသွားသည့်အတွက် မိဘပြည်သူများ ဝမ်းသာအောင် အသိပေးထုတ်ပြန်အပ်ပါသည်”ဟု KLG PDFတပ်မဟာက ထုတ်ပြန်ထားသည်။
ထောက်ပို့သင်္ဘောပေါ် ဒီဇယ်ပေပါ ၁၀၀ခန့်၊ သစ်လုံးရေ ၂၀၀ခန့်၊ကား သုံးစီး၊ဆိုင်ကယ် ငါးစီးနှင့်စက်ဘီးတစ်စီး သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါစစ်ကောင်စီ ထောက်ပို့ရေယာဉ်အုပ်စုသည် ကနီမြို့နယ်၌ သောင်တင်နေစဉ် နိုဝင်ဘာ ၆ရက်ကစ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။
ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊၂၂၊၂၃) ဖြစ်သော KLG PDFနှင့် ယင်းမာပင်ခရိုင် တပ်မဟာ၊BNRA၊ BLDF၊ ULF တပ်ပေါင်းစု၊KGအဖွဲ့၊ဘိုးတော်နီအဖွဲ့နှင့် ဒေသခံပကဖများ ပူးပေါင်းတိုက်ခိုက်သိမ်းပိုင်ခဲ့ခြင်းဟု သတင်းရရှိသည်။
အဆိုပါ ရေယာဉ်များပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေအသေးများဖြင့် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။