ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ မှာ တာဝန်ကျတဲ့ စစ်ကောင်စီ ရဲဒုတပ်ကြပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးကို အောက်တိုဘာလ ၂ ရက် မနက်က ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF Zoland) ကအသိပေးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း၊ စည်သူမိုး နဲ့ ချမ်းငြိမ်းကျော် တို့ ဖြစ်ပါတယ်။
စစ်ကောင်စီ ရဲတပ်သားလေးဦးဟာ ကလေး – တီးတိန် – ရိဒ် လမ်းအတိုင်း အိန္ဒိယနယ်စပ်သွားတဲ့ ကုန်တင်ကားတွေဆီကနေ ငွေအဆမတန်တောင်းခံတာကြောင့် ဖမ်းဆီးခဲ့တာလို့ PDF Zoland တာဝန်ရှိသူက ပြောပါတယ်။
“သူတို့က မြို့ပေါ်မှာလည်း သောင်းကျန်းတာမျိုးရှိတယ်။ အဓိကတော့ ကုန်သယ်ကားသမားကို ပိုက်ဆံ အဆမတန် တောင်းတာ။ သူတို့ကို သတိပေးတာ နှစ်ပတ်လောက်ရှိပြီ၊ ထူးမလာတော့ အခုလိုဖမ်းတာဖြစ်တယ်”
အဲဒီတပ်သားလေးဦးကို အရပ်ဝတ်နဲ့ တီးတိန်မြို့ထဲ သွားလာနေချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ PDF Zoland တာဝန်ရှိသူက ပြောပါတယ်။