ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး မတူပီမြို့မ ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့တွင် ပါဝင်သော ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောဆိုသည်
ချင်းပြည် မတူပီမြို့ မြို့တွင်းစစ်ဆင်ရေးတွင် ချင်းညီနောင်တပ်ဖွဲ့များအပြင် AAကလည်း ပါဝင်ကူညီမှုများရှိနေပြီး လက်ရှိချိန်အထိ မြို့မ ရဲစခန်းကို စတင်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ထွေ/အုပ်ရုံးကိုလည်း ၀ိုင်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း၊ စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများဖြင့် ဗုံးကျဲသဖြင့် မတူပီမြို့အတွင်းတွင် ပျက်စီးမှုများ ရှိနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
“ချင်းညီနောင်အနေနဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေခြင်းဖြစ်ပါတယ်၊ စစ်ဆင် ရေးပြင်ဆင်မှု စတင် ချိန် ကတည်းက စကစဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်တာတွေ တရစပ်ပြုလုပ်ခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်၊ တိုက်ပွဲအသေးစိတ် အခြေအနေတွေကို လိုအပ် သလို ဆက်လက် ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ချင်းညီနောင် သတင်း၊ မှတ်တမ်းနှင့်ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇွန်လ ၉ ရက်နေ့မှစတင်ပြီး ချင်းညီနောင်တပ်ဖွဲ့များက မတူပီမြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့တွင်မူ ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် မတူပီမြို့ စစ်ဆင်ရေး ဆင်နွှဲနေကြောင်း၊ ချင်းညီနောင် စစ်ဆင်ရေး Operation CB အဖြစ် စစ်ဆင်ရေး ဖော်ဆောင်နေခြင်းဖြစ်ပြီး YAW Army အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ မတူပီမြို့အတွင်းရှိ စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ထိုးစစ်ဆင်နေကြောင်း၊ လက်ရှီအချိန်အထိ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
“မတူပီမြို့သိမ်းတိုက်ပွဲလို့ ပြောလို့ရတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတာတွေ တောက် လျှောက် ရှိနေပါတယ်။ AA လည်းပါတယ်။ အခြားမဟာမိတ်တပ်ဖွဲ့တွေလည်းပါတယ်” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောဆိုသည်။