၁၀၂၇ စစ်ဆင်ရေးအဖြစ် အောက်တိုဘာ(၂၇)ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တဲ့ ချင်းရွှေဟော်မြို့ကို ညီနောင်မဟာမိတ်တပ်တွေက တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာ(၃၀)ရက်မှာတော့ “လွတ်မြောက်ပြီးနောက် ချင်းရွှေဟော် မြို့နယ်လမ်းများ” ဆိုပြီး ချင်းရွှေဟော်မြို့တွင်း အခြေအနေကို ညီနောင်မဟာမိတ် သုံးဖွဲ့ဝင် ကိုးကန့် (MNTJP/MNDAA)ရဲ့ ပြန်ကြားရေး The Kokang က ဖော်ပြပါတယ်။
ညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ တအာင်း (PSLF/TNLA)၊ ကိုးကန့် (MNTJP/MNDAA)နဲ့ ရက္ခိုင် (ULA/AA) တို့က Operation 1027 – ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ(၂၇)ရက်မှာ စတင်ပြီလို့ ကြေညာပြီး စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ဆင်ရေး စတင်ပြီး လေးရက်မြောက်ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ (၃၀)ရက်အထိ လားရှိုး၊ သိန္နီနဲ့ လောက်ကိုင် အပါအဝင် ရှမ်းပြည်နယ် မြောင်ပိုင်းက စစ်အုပ်စု စခန်း (၆၀)ထက်မနည်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သလို ချင်းရွှေဟော်မြို့နဲ့ သိန္နီမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။