မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနဲ့ (၃၆)လမ်းအနီးက သူရိယဆေးခန်းကို စစ်အုပ်စုက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ချိပ်ပိတ်ခဲ့ပြီးနောက် ဒီမနက်ပိုင်းမှာ စစ်အုပ်စုနဲ့ ပျူတချို့ ဆေးခန်းကို ဖောက်ထွင်းပြီး တန်ဘိုးကြီး ပစ္စည်းတွေကို ကားနဲ့ ခိုးယူ သယ်ထုတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သူရိယဆေးခန်းမှာ CDM ဆရာဝန်တွေကို လက်ခံ အလုပ်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက ၂၀၂၂ ဧပြီမှာ သူရိယဆေးခန်း ပိုင်ရှင် အသက်(၂၈)နှစ်အရွယ် ဒေါက်တာ အောင်အောင်ထွန်းနဲ့ မိသားစုဝင်တချို့ကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့ပြီးနောက် မန္တလေးမြို့ပေါ်မှာ ရှိတဲ့ သူရိယဆေးခန်း သုံးခုလုံးကို ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဩဂုတ်(၆)ရက် မနက်ပိုင်းမှာတော့ ချိပ်ပိတ်ခံထားရတာ တစ်နှစ်ကျော်ကြာပြီ ဖြစ်တဲ့ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ (၃၆)လမ်း၊ (၇၈)လမ်းနဲ့ (၇၉)လမ်းကြားက သူရိယဆေးခန်းကို စစ်အုပ်စုနဲ့ ပျူတွေက ဖောက်ထွင်းပြီး ဆေးခန်းထဲက ပစ္စည်းတွေကို ခိုးထုတ်ပြီး ကားနဲ့ သယ်ယူသွားတာလို့ ဆိုပါတယ်။
“မနက်(၁၀)နာရီလောက်က လိုက်ထရပ်ကားနဲ့ ဆေးခန်းထဲက ပစ္စည်းတွေ သယ်ထုတ်နေကြတယ်။ သယ်သွားတဲ့ ဆေးခန်းက ဆေးရုံနဲ့ တွဲဖွင့်ထားတာ ဆိုတော့ အထဲမှာ ပစ္စည်းတွေက အများကြီး ရှိတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုဟာ သူရိယ ဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းနဲ့ ဖခင်ဖြစ်သူတို့ နှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည )နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာ သူရိယဆေးခန်း သုံးခုရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလက ဒေသခံတွေကို အခမဲ့ ဆေးဝါးကုသ ပေးခဲ့တာကြောင့် မြို့ခံတွေကြား နာမည်ရတဲ့ ဆေးခန်းတွေ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ထဲက ကင်ဆာအထူးကု ဆေးခန်းတစ်ခုကို ချိပ်ပိတ်ခဲ့ပြီးနောက် ဆေးခန်းထဲက တန်ဘိုးကြီး ပစ္စည်းတွေ ခိုးယူ သယ်ထုတ် ခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက စီးပွားရေး လုပ်ငန်းတွေကို စစ်အုပ်စုက ဖမ်းဆီးငွေညှစ်ကာ နေအိမ်တွေ၊ လုပ်ငန်းတွေ၊ အဆောက်အဦးတွေကို ချိပ်ပိတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျေးလက်ဒေသတွေက ချိတ်ပိတ်ခံ နေအိမ်တွေကို စစ်အုပ်စုနဲ့ ပျူတွေက ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်နေရာက လက်ရှိမှာ မြို့ပေါ်က ချိပ်ပိတ်ခံ အဆောက်အဦးတွေကိုပါ ဖောက်ထွင်းခိုးယူတာတွေ စစ်အုပ်စုက ကျူးလွန်လာတာ ဖြစ်ပါတယ်။