ကျိုက်မရော-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်မှာရှိတဲ့ ချောင်းနှစ်ခွကျေးရွာက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို တော်လှန်ရေးအင် အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းကစပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ ချောင်းနှစ်ခွတံတားဂိတ်နဲ့ ရဲစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ် ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
“မနက် ၄ နာရီကျော်လောက်ကစပြီး တိုက်ပွဲဖြစ်နေတာ၊ မနက် ၉ နာရီလောက်မှာ စစ်တပ်ဘက်က တိုက်လေယာာဉ်တစ်စီး၊ ရဟတ်ယာဉ်တစ်စီးနဲ့ ရွာအပြင်ဘက်မှာ လိုက်ပစ်နေတယ်၊ ရဟတ်ယာဉ်နဲ့လိုက်ပစ်တာ အချက်ရေများတယ်၊ရွာသားတွေက အိမ်ထဲပုန်းနေရတယ်၊မထွက်ရဲကြဘူး”ချောင်းနှစ်ခွ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောမှာ မသိရသေးသလို ဒေသခံတွေကတော့ မုဒုံ-ကျိုက်မရော(ချောင်းနှစ်ခွ)-ကြာအင်းဆိပ်ကြီးလမ်းပိုင်းကို အသုံးမပြုကြဖို့ အသိပေးထားပါတယ်။