ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် ချောင်းနှစ်ခွ ၆ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀နီးပါး လက်နက်ချခဲ့တယ်လို့ NUG အစိုးရ လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F ) က စစ် ရေးသတင်းထုတ်ပြန်ပါတယ်။
ကျိုက်မရောမြို့နယ် အတ္တရံမြစ်ဘေး ချောင်းနှစ်ခွရွာမှာရှိတဲ့ နယ်မြေရဲစခန်းနဲ့ မြစ်ကူး တံတား စစ်ကောင်စီအစောင့်တပ်ဖွဲ့ကို KNU ၊ PDF ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၁၀ ရက်ကနေ နိုဝင်ဘာလ ၁၅ ရက်အထိ ၆ ရက်တာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကနဦး နိုဝင်ဘာလ ၁၀ရက်မှာ ဒရုန်းနဲ့ စတင်တိုက်ခိုက်ပြီး ကျန်ရက်တွေမှာတော့ နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ S.O.F ကဆိုပါတယ်။
တိုက်ပွဲ ကာလအတွင်း စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းလည်း ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတယ်လို့ S.O.F က ဖော်ပြပါတယ်။
၆ ရက်တာ တိုက်ပွဲ ကာလအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး အဆင့်အပါအဝင် ၂၂ ဦးကျပြီး ၂၈ ဦး လက်နက်ချလာတယ်လို့ S.O.F က ဆိုပါတယ်။
KNU နဲ့ PDF ပူးပေါင်းတပ်ဘက်ကလည်း ၃ ဦးကျဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကတော့ ချောင်းနှစ်ခွတိုက်ပွဲ အကျအဆုံးကို သတင်းမထုတ်ပါဘူး။