စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ ပြည်သူ့နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးတင်ရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဧပြီလ ၁၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့၊ ပွဲရပ်အနောက်ပိုင်း ၂ နေရာမှ နေအိမ်များကို မီးတင်ရှို့ခဲ့ကြောင်း၊ အနီးအနားမှ ရပ်ကွက်ပြည်သူများက ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ခြင်းကြောင့် မီးညွန့်ကျိုးသွားခဲ့သော်လည်း ညဉ့်နက်သည်အထိ မီးကြွင်းမီးကျန်များက လောင်ကျွမ်းခဲ့ကြောင်း၊ စစ်တပ်က မြို့ပေါ်တွင် ကင်းလှည့်နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ့နေအိမ်များကို မီးရှို့ခြင်းဖြင့် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့ဘက်ကကားနဲ့ကင်းလှည့်နေတာကို တော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ဝိုင်းပစ်လို့ မြို့ပေါ်က မဆိုင်တဲ့ ရပ်ကွက်တွေကို မီးတင်ရှို့တာ။ နေအိမ် ၅ လုံးလောက်တော့ ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များက ချောင်းဦးမြို့ပေါ်တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ နေ အိမ်များကို ဖောက်ထွင်းလုယက်ခြင်း၊ နေအိမ်များကို မီးရှို့ခဲ့ခြင်းများ မကြာခဏဆိုသလို ကျူးလွန်နေကြောင်း ဒေသပြည်သူများက ဆိုကြသည်။