စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စိုက်ပျိုးရေးရုံးနဲ့ ရုံးရှေ့ရှိ ခရေဖြူဂိတ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မတ်လ ၉ရက် မနက် ၁၀နာရီ မှ ၁၂နာရီထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ရန်သူ့တပ်သား ၃ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အခြေချနေထိုင်တဲ့နေရာကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings ဒရုန်းတွေနဲ့ AIR BOMB ၂၁လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေကို ဆတ်ကြေးကောက်နေတဲ့ ခရေဖြူဂိတ်စခန်းလည်း မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။
အပြင်းအထန် ဒဏ်ရာရရှိသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦးကို မုံရွာဆေးရုံကြီးကို ပို့ထားရပြီး အခြေအနေမှာ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ်၃ တပ်ရင်း နဲ့အတူ ညီနောင်မဟာမိတ်တွေ ဖြစ်ကြတဲ့ စစ်ကိုင်းခရိုင်အမှတ်၄ တပ်ရင်း- MSPDF/MSDF၊ မြင်းခြံခရိုင်အမှတ်၈ တပ်ရင်း-NRDF၊ မုံရွာခရိုင် အမှတ်၁၂ တပ်ရင်း-တပ်ခွဲ၂ /တပ်ခွဲ၃၊ မုံရွာခရိုင် အမှတ်၈တပ်ရင်း၊ ရန်ရှင်းစစ်ကြောင်း၊ မိတ္ထီလာခရိုင်အမှတ်၃ တပ်ရင်း၊ CHAUK PDF၊ Golden Eagle စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။