စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမကြီးပိုင်းရှိ မြပုလဲစစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (နိုဝင်ဘာလ ၄ ရက်) နံနက် ၅နာရီခန့်က ချောင်းဦးမြို့နယ် မုံရွာ – ချောင်းဦး ကားလမ်းဘေးရှိ မြပုလဲစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။
“မနက်တုန်းက စခန်းသိမ်းတိုက်ပွဲ ဖြစ်သွားတာမှန်တယ်။ မြပုလဲစစ်ကောင်စီစခန်းကိုကာကွယ်ရေးရဲဘော်တွေ ဝင်ပြီးတိုက်ခိုက်တာ။ စခန်းကို ဝင်ရောက်ပြီးတော့ မီးရှို့နိုင်ခဲ့တယ်။တော်တော် များများရလိုက်တယ်”ဟု Chaung U Revolution အဖွဲ့ တာဝန်ရှိသူက ပြောသည်။