မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတင်းပေါက်ကြားသွားလို့ PDF ရဲဘော် ၅ ယောက် ကျဆုံးကာ ၅ ယောက် ဒဏ်ရာရရှိပြီး ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်-YDF က နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ မြောက်ခင်ရန်းကျေးရွာကို နိုဝင်ဘာ ၇ ရက် မနက် ၅ နာရီ ၅၅ မိနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ YDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးမှာ သတင်းပေါက်ကြားသွားလို့ ရန်သူဘက်က အသာစီးရရှိသွားကာ ပူးပေါင်းတပ်ဖွဲ့တွေဘက်က အစွမ်းကုန် ဖောက်ထွက်ခဲ့ပေမဲ့ ရဲဘော် ၅ ယောက် ကျဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက် ၆ လက်၊ ကျည်အိမ် ၁၁ ခု၊ ကျည်ဆန် ၄၀၀ ကျော် ဆုံးရှုံးခဲ့ပြီး သူတို့ဘက်ကလည်း ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတဲ့ YDF ရဲဘော် ၂ ယောက်၊ မဟာမိတ်တပ်ဖွဲ့က ရဲဘော် ၃ယောက်နဲ့ ပြည်သူတယောက်အတွက် သွေးကြွေးပြန်ဆပ်သွားမယ်လို့ ဆိုပါတယ်။