မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၁၉၁ ဦးကို ကောင်းမွန်စွာ လက်ခံထားကြောင်း ဂန့်ဂေါမြို့နယ်-ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်အတွင်းရှိ မင်းရွာ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂန့်ဂေါမြို့နယ်အတွင်း ကန်ရွာ နှင့် တောင်ခင်ရန်းရွာတို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် စခန်းများ စွန့်ခွာထွက်ပြေးခဲ့ပြီး မြောက်ခင်ရန်း ပျူစောထီးရွာမှ ပြည်သူ ၁၉၁ ဦး သည် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ၏ အုပ်ချုပ်မှုအောက်တွင် မနေရဲတော့ဘဲ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ထွက်ပြေး ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်ပြေးလာသူများမှာအမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၁၀၈ ဦး စုစုပေါင်း ၁၉၁ ဦး ဖြစ်ပြီး ဂန့်ဂေါမြို့နယ် ပအဖ၊ ပကဖ အဖွဲ့ဝင်များက စနစ်တကျ စိစစ်လက်ခံလျက်ရှိကြောင်း ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လောလောဆယ် ၁၉၁ ဦးပါဗျ။ ထပ်ပြီး ခိုလှုံမယ့်သူတွေလည်း ရှိပါသေးတယ်ဗျ။ ဒါပေမဲ့ ပျူတွေက စောင့်ကြည့်နေကြတော့ ထွက်လို့မရဖြစ်နေတာဗျ”ဟု ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထွက်ပြေးလာသူများကို လက်ရှိချိန်တွင် ပြစ်မှုကျူးလွန်ထားခြင်းရှိ မရှိ စစ်ဆေးပြီး စစ်ရှောင်စခန်းတွင် ကောင်းမွန်စွာ ထားရှိကာ အခြေခံရိက္ခာများ၊ ခြုံစောင်များ၊ အနွေးထည်များနှင့် အခြား အကူအညီများကိုလည်း အချိန်နှင့်တပြေးညီ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။