မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းရှိ ပျူစောထီးများထိန်းချုပ်ထားသည့် မြောက်ခင်ရမ်းကျေးရွာမှ ဒေသခံ ရွာသားများထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ထိန်းချုပ်ထားသည့် နယ်မြေသို့ ခိုလှုံလာကြောင်း ဒေသခံများက ပြောသည်။
ပျူစောထီးရွာများ နေထိုင်ရာတွင် စားဝတ်နေရေးနှင့် လုံခြုံရေးစိုးရိမ်မှုများကြောင့် ထွက်ပြေးခိုလှုံလာသူများသည် ဒီဇင်ဘာ ၁၁ရက်မှစတင်ပြီး ယနေ့အထိ လူဦးရေး ၂၀၀ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ပျူရွာတွေထဲမှာ မနေချင်လို့ ထွက်ပြေးလာပြီး ဒီဘက်က ရဲဘော်တွေစီမှာ ခိုလှုံလာကြတာပါ။ ထွက်ပြေးလာတဲ့သူတွေရဲ့ အိမ်တွေကို ပျူစောထီးတွေက မီးရှို့နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထွက်ပြေးလာသည့် ပြည်သူများကို ဟံသာဝတီကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
“ပျူရွာတွေဘက်က ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေထဲကို ထွက်လာတယ်။ ၁၁ ရက်နေ့ကတည်းက ထွက်လာတယ်။ ဒီနေ့ထိထွက်လာနေဆဲလို သိရပါတယ်။ဒီရက်ပိုင်းအတွင်း ၁၀၀ကျော်ရှိပြီလို့ သိထားရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) Column-3 ပြည်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။
အဆိုပါ မြောက်ခင်ရမ်းကျေးရွာသည် ဘုလက်လှဆွေဟုလူသိများသည် ပြည့်ခိုင်ဖြိုးပါတီမှ ဦးလှဆွေအား အမာခံထောက်ခံသည့် ကျေးရွာဖြစ်သည်။ ယင်းကျေးရွာကို ကာကွယ်ရေးတပ်များက ဝန်းရံပိတ်ဆို့ထာသည်။