မကွေးတိုင်း ဂန့်ဂေါမြို့နယ် အရှေ့ပိုင်း ကျောမြို့က စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ – (၂၃) စိုးမိုးစခန်းကုန်းကို မနေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး တပ်ကြပ်ကြီးအဆင့် သီဟအောင် အပါအဝင် စစ်အုပ်စု သုံးယောက် ထက်မနည်း သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ယောကာကွယ်ရေးတပ် (YDF) စစ်ရုံးချုပ် သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်း ထိန်းသိမ်းရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဩဂုတ်(၂၁)ရက် မနက်(၉)နာရီခွဲက ယောကာကွယ်ရေးတပ် (YDF) ရဲ့ ယောနက စစ်ကြောင်းက ဂန့်ဂေါမြို့နယ် အရှေ့ပိုင်း ကျောမြို့အခြေစိုက် ကပစ (၂၃) ရဲ့ စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ စိုးမိုးကုန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိဘဲ စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကြာချိန်မှာ (၂၀) မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား သုံးဦး၏ အလောင်းများ မျက်မြင် တွေ့ရှိခဲ့ရသည်” လို့ ယောကာကွယ်ရေးတပ် (YDF) က ဖော်ပြပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း (MA-3) သေနတ်နှစ်လက်၊ ကျည် (၁၃) ဘောက်၊ ကျည် (၃၄၃) တောင့်၊ အီကွေးမန့် လေးခု၊ ကျောပိုးအိတ် တစ်လုံး၊ ဖုန်း လေးလုံးနှင့် Power Bank နှစ်လုံး သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ရန်သူ့ဘက်မှ သေဆုံးခဲ့သူ သုံးဦးတွင် တစ်ဦးမှာ တပ်ကြပ်ကြီး သီဟအောင် ဟု သိရှိရပါသည်။ အဆိုပါစခန်းကုန်းတွင် ဗိုလ်ကြီး နှစ်ဦး၊ ခွဲတပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ်ကြီး ငါးဦး၊ တပ်ကြပ် သုံးဦး စခန်းချ နေထိုင်သည့် နေရာ ဖြစ်ကြောင်း သိမ်းဆည်းရမိသည့် ဖုန်းထဲမှ တွေ့ရှိရသော အချက်အလက်များအရ သိရှိရခြင်း ဖြစ်ပါသည်။ ယောကာကွယ်ရေးတပ် (ယောနက စစ်ကြောင်း) တပ်ဖွဲဝင်များ အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာ နိုင်ခဲ့ပါသည်” လို့ ယောကာကွယ်ရေးတပ် (YDF) က ဆိုပါတယ်။