မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက် ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တချို့ဟာ ဒေသခံ တောင်သူတွေကို ရာသီပေါ်သီးနှံ နှမ်းတွေ ရိတ်သိမ်းရာမှာ ကူညီပေးနေတယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ပြောပါတယ်။
လုပ်အားခကြီးမြင့်တာနဲ့ လုပ်သားရှားပါးတာတွေကြောင့် အချိန်မီ နှမ်းသိမ်းဖို့ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကို ဂန့်ဂေါခရိုင် အမှတ်-၁၂ တပ်ရင်းက ရဲဘော်တွေ စွမ်းနိုင်သလောက် ကူညီဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။
ဂန့်ဂေါ PDF တာဝန်ခံ ကိုသားဇင်က “ကျနော်တို့ ကူညီနေတာ နှစ်ပတ်ဝန်းကျင်ရှိပါပြီ။ အခုထိ ရိတ်သိမ်းနေရတုန်းပါ။ အခကြေးငွေမယူဘဲ ကူညီပေးနေတာပါ။ တချို့တောင်သူတွေမှာ နှမ်းခုတ်ငှားဖို့ ငွေကြေး မတတ်နိုင်တာတွေ ရှိပါတယ်။ အဲလို အခက်အခဲရှိပြီး အကူအညီလိုနေတဲ့ တောင်သူတွေကို နောက်တန်းကကျန်ခဲ့တဲ့ ရဲဘော်တွေက လိုက်လံကူညီပေးနေတာပါဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဂန့်ဂေါ PDF က ရိတ်သိမ်းကူညီပေးနေတဲ့ နှမ်း ၁၅ ဧကဝန်းကျင်လောက် ရှိနေပြီလို့ သိရပြီး PDF တွေက အခမဲ့ လာရောက်ကူညီလို့ လုပ်အားခသက်သာနေတယ်လို့ နှမ်းစိုက်တောင်သူတဦးက ပြောပါတယ်။
“နှမ်းက ရိတ်သိမ်းရတာ လက်ဝင်တယ်လေ။ အခု လုပ်အားခကများ လူကရှားဆိုတော့ အခက်အခဲဖြစ်နေတာ။ PDF တွေက အခမဲ့ကူညီတော့ အဆင်ပြေတယ်။”
ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းအေးရင်အေးသလို ဒေသခံတောင်သူတွေရဲ့ လယ်ယာလုပ်ငန်းတွေမှာ ဝင်ရောက်ကူညီပေးနေပါတယ်။