………………………………………………………….
အဲဒီနေ့က မြို့ထဲသွားတဲ့ (၄၃)ဘတ်စ်ကားပေါ်မှာ ဖြစ်မယ်ထင်တယ် ။
သီတင်းကျွတ်ပွဲတော်ပြီးခါစ ရာသီဥတု ဆိုတော့ သိတဲ့အတိုင်း ခပ်ပူစပ်စပ်ရယ် ။
ကျွန်တော်ဘေးနားက ခုံမှာ ကောင်မလေးတစ်ယောက်လာ ဝင် ထိုင်တယ် ။
ကောင်မလေးက တကယ့် ပိန်ပိန်သေးသေးလေး ။ မျက်နှာမှာလည်း မိတ်ကပ်တွေကို ဖွေးနေအောင် လိမ်းထားသေးတယ် ။
လက်မောင်းညိုညိုလေးတွေကလည်း တကယ့် ငါးဖောင်ရိုးဆိုဒ်သေးသေးလေးတွေ ။
မိတ်ကပ်ဖို့ထားတဲ့ သူ့မျက်နှာကြီးတစ်ခုထဲ ဖွေးနေပြီး ကျန်တဲ့နေရာက အသားအရည်က ခပ်ညိုညို ဆိုတော့ သူ့ကြည့်ရတာ (၁၈)ရာစုက ဂျပန်ဂေးရှားမယ် တွေကို ကြည့်နေရသလိုပဲ ။
တီရှပ်အနီရောင်တောက်တောက်ကြီးနဲ့ ကနုတ်တွေပါတဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားသေးတယ် ။
ဘာရယ်မဟုတ် ဒီလို ပူအိုက်လှတဲ့ နေ့လည်ခင်းတစ်ခုမှာ အင်္ကျီအနီရဲရဲ ၊ မိတ်ကပ်ထူလပြစ်နဲ့ ဒီငပိန်ညှောင်မလေးကို ကျွန်တော် ခြေစွန်းခေါင်းစွန်းလေ့လာနေမိတယ် ။
ဖိနပ်က အဝါရောင်ခုံမြင့်ဖိနပ်ဗျ ။ လိုးလိုးလက်လက် ဘော်ကြယ်တွေလည်း ဖိနပ်မှာ ထိုးထားသေးတယ် ။
စိတ်ဝင်စားဖို့ကောင်းတာက သူ့ဘယ်ဘက်ခြေထောက်က ခြေသူကြွယ်လေးတစ်ချောင်းက အထဲကို သိသိသာသာ တိုဝင်နေသေးသဗျ ။
မွေးရာပါ လား ဒါမှမဟုတ် ဒီကောင်မလေး ငယ်ငယ်က တော်တော်ကမြင်းကြောထတယ်ထင်တယ် ။
ဒါကြောင့် ကားတွေဘာတွေများကြိတ်မိပြီး ပြတ်ထွက်သွားလို့ ပြန်ဆက်ထားတာလား လို့ ကျွန်တော်လျှောက်တွေးကြည့်မိသေးတယ် ။
ဘာမှန်းမသိ သူ့ကို ခြေစွန်းခေါင်းစွန်းကြည့်ပြီး အကဲဖြတ်နေမိတဲ့ ကျွန်တော့်ကို ငါးဖောင်ရိုး ခြေတိုမလေး က သတိထားမိပုံတောင်မပေါ်ပါဘူး ။
“ဗဟန်း(၃)လမ်း မှတ်တိုင်ရောက်ပြီလား”
ငါးဖောင်ရိုးမလေးရဲ့ စကားသံပါ ။
သူ့အသံက သူ့ငါးဖောင်ရိုးကိုယ်လုံးလေးနဲ့မလိုက်ဘူး ။ ခပ်သြသြရယ် ။
ဟို ရေတဝက်ပြည့်နေတဲ့ စဉ့်အိုးတစ်လုံးထဲကို မျက်နှာအက်ပြီး အော်လိုက်သလို အသံမျိုးပဲ ။
အက်ကွဲကွဲ ပဲ့တင်သံလိုမျိုးပေါ့ ။
“ရှေ့မှတ်တိုင်ဆိုရောက်ပြီ ညီမလေး”
ကောင်မလေးက ကျွန်တော့်ကို ခပ်စူးစူးတစ်ချက်ကြည့်ပြီး ပြုံးပြတယ် ။
ဟူး…. ကျွန်တော့် စိတ်ထဲ ဆယ်တန်းစာမေးပွဲတုန်းက ခိုးချမယ့်စာရွက်တွေ အတွင်းခံထဲထည့်ပြီး အခန်းထဲဝင်လိုက်ရတဲ့ ခံစားချက်မျိုးကြီး ပြန်ခံစားလိုက်ရသလိုပဲ..။
“ရှင်ရော ရှေ့မှတ်တိုင်မှာပဲ ဆင်းမယ်မှတ်လား”
“အင်း….ဟင်”
ကောင်မလေးအမေးကို ခေါင်းငြိမ့်ပြပြီးမှ ကျွန်တော်အူကြောင်ကြောင်ဖြစ်သွားတယ်။
ဘယ်နှယ့် ကျွန်တော်က မြို့ထဲအထိသွားမှာလေ ။ ပြီးတော့ သူကရော ကျွန်တော့်ကို ဘာလို့ရှေ့မှတ်တိုင် ဆင်းခိုင်းတာတုန်း.။ ဟူး..။
ကားက မှတ်တိုင်မှာ ရပ်လိုက်တော့ ကောင်မလေးက “ဆင်းလေ” လို့ပြောတယ် ။
ကျွန်တော်လည်း အူကြောင်ကြောင်နဲ့ သူနဲ့အတူ လိုက်ဆင်းလိုက်မိတယ် ။
နေက ပူလာလို့ ရူးပြီလားမပြောတတ် ။
နေ့ခင်းဘက်မို့လို့လားမသိဘူး..ဗဟန်း(၃)လမ်း မှတ်တိုင်က လူရှင်းနေတယ် ။
မှတ်တိုင်ရှေ့ရောက်တော့ ကောင်မလေးက “ကျွန်မတို့ ဘယ်သွားကြမလဲ”
“ဟမ်…မင်းက ငါ့ကို သိလို့လား” ကျွန်တော်က သူ့မေးခွန်းကို မေးခွန်းပြန်ထုတ်လိုက်မိတယ် ။
“မသိဘူးလေ…”
“အေးလေ မသိတာကို ဘာလို့ ငါ့ကို ကားပေါ်က ဆင်းခိုင်းတာတုန်း”
“အင်းလေ ရှင်ကရော ဘာလို့ ဆင်းလာတာတုန်း”
ကောင်မလေးပြန်မေးတော့ ကျွန်တော်ခေါင်းကို ကုတ်လိုက်မိတယ် ။
ကျွန်တော့်အမူအရာကိုကြည့်ပြီး ငါးဖောင်ရိုးမလေးက တခစ်ခစ် ရယ်ပါတယ် ။
“ရှင် ကျွန်မနဲ့ အတူတူ နေချင်တာမှတ်လား”
“ဟင်..ဘာ”
“အော် မရှင်းဘူးလား ရှင် ကျွန်မနဲ့ အိပ်ချင်လားလို့မေးတာ”
ကျွန်တော့်အသက်ထက် အများကြီးငယ်မယ့် အရိုးခြောက်မလေးတစ်ယောက်က နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်မှာ ဒီလိုမေးခွန်းမေးခံလိုက်ရမယ်လို့ ကျွန်တော့် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေးမိသေးဘူး ။
“မင်းက ဘာတုန်း”
“ကျွန်မက ဖာလေ ယဉ်ယဉ်ကျေးကျေးပြောရရင် ပြည့်တန်ဆာလေ”
သူက ပြည့်တန်ဆာ တဲ့ ။ ကျွန်တော်ဘဝမှာ ခြေချောင်းတစ်ချောင်းတိုဝင်နေတဲ့ ပြည်တန်ဆာတစ်ယောက်။
ပြီးတော့ ပိန်လှီလွန်းပြီး ဂေးရှားမယ်မျက်နှာနဲ့ ပြည်တန်ဆာမတစ်ယောက်ကို နေ့ခင်းကြောင်တောင် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပဲ ။
“ဒါပေမယ့် နှစ်သောင်းခုနှစ်ထောင့်ငါးရာ တော့ ရှင်ပေးရမယ်”
ဘယ်နှယ့်ဈေးကြီးတုန်း ။
“အင်…နေပါအုံး မင်းကိုရော ငါက အတူနေချင်တယ်လို့ ပြောမိလို့လား”
“ရှင် ကားပေါ်မှာ ကျွန်မကို တစ်ချိန်လုံး ကြည့်နေတယ်လေ”
ကောင်မလေးမျက်လုံးတွေက တရားခံကို ဖော်ထုတ်ဖမ်းမိထားတဲ့ အမှုစစ်ရဲတစ်ယောက်ရဲ့ မျက်လုံးနဲ့ သိပ်တူတာပဲ ။ ကျွန်တော်အရမ်းမုန်းခဲ့တဲ့ မျက်လုံးတွေပေါ့ ။
“ဆောရီးကွာ.. ပြီးတော့ မင်းပြောတဲ့ ပိုက်ဆံအရေအတွက်လည်း ငါ့မှာ မပါဘူး”
ပြီးတော့လည်း ဒီလောက်ပူလောင်အိုက်စပ်နေတဲ့ နေ့လည်ခင်းကြီးမှာ ဒီလိုငါးဖောင်ရိုးမလေးတစ်ယောက် နဲ့ အိပ်ယာထဲမှာ အချစ်ပလူးဖို့ဆိုတာ တော်တော်မသက်မသာနိုင်လွန်းတဲ့ ကိစ္စပဲလေ..။
ကောင်မလေးက ဘတ်စ်ကားမှတ်တိုင်က ကော်ခုံလေးတွေမှာ ဝင်ထိုင်လိုက်တယ် ။
သူ့ ဘလောက်စ်အင်္ကျီတိုနှံနှံလေးက သူ့ခါးရိုးငေါ့ငေါ့တွေကို မဖုံးနိုင်ရှာဘူး ။
“ကဲ..ကိုမျက်မှန် လာ… ဘေးနားလာထိုင်”
ဒီတစ်ခါလည်း သူ့အမိန့်ကို ကျွန်တော်နာခံမိပြန်ပြီ ။ သူ့ဘေးနား ဝင်ထိုင်လိုက်တယ် ။
သူက သူ့နားရွက်သေးသေးချွန်ချွန်လေးကို ကုပ်ပြီး ကျွန်တော့်ကို ကြည့်တယ် ။
ပြီးတော့ ခပ်ဖွဖွရယ်တယ် ။
“ရှင့်မှာ ကျွန်မတောင်းတဲ့ ပိုက်ဆံမရှိလည်း ကိစ္စမရှိဘူးလေ.. အကြွေးပေါ့…တစ်နေရာရာသွားကြမယ်လေ”
ကျွတ်…ခက်တော့ခက်ပြီ ။
“ငါ ဖာခေါင်း မဟုတ်ဘူးကွ” ကျွန်တော် ဒေါသထွက်ထွက်နဲ့ အော်လိုက်မိတယ် ။
“ကျွန်မလည်း ဖာသည် မဖြစ်သေးပါဘူး” သူက သူ့နှုတ်ခမ်းချွန်ချွန်လေးကို ကွေးကွေးလေးပြုံးလိုက်ပြီး ခပ်ဖွဖွပြောရင်း ရယ်နေပြန်တယ် ။
ကျွန်တော်က သူ့ကို တအံတသြကြည့်လိုက်တော့ မှ သူ့ရယ်သံက ပိုကျယ်လာပါသေးတယ် ။
“ဟုတ်တယ် ကျွန်မလည်း ဒီနေ့မှ စလုပ်စားကြည့်မလို့”
“ဘာရယ်”
“ဟုတ်တယ် ကျွန်မလည်း ဒီနေ့မှ ဖာ စလုပ်ကြည့်မလိုပါဆို”
ဟုတ်တော့ ဟုတ်ပါရဲ့ ။ သူ့ရဲ့ မဖွံ့ဖြိုးသေးတဲ့ ပိန်ညှပ်ညှပ်ခန္ဓာကိုယ် ၊ မိတ်ကပ်ထူလဗျစ်အလှပြင်ပုံမျိုးနဲ့ဆို ပြည့်တန်ဆာလုပ်စားလည်း ဈေးဦးမပေါက်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်တဲ့ ပြည့်တန်ဆာတစ်ယောက်ပဲဖြစ်ဖို့ကျိန်းသေနေတာကိုး..။
“နေပါအုံး မင်းက တော်တော် ငွေလိုနေလို့လား..ဒီအလုပ်ကို မလုပ်စဖူး လုပ်ရအောင်”
“အင်း ..ငွေကတော့ မလိုပါဘူး..ဒီမှာကြည့် ကျွန်မအိတ်ထဲမှာ ရှင့်ကိုခုနတောင်းတဲ့ငွေရဲ့ သုံးဆလောက် ပါတာပဲ.. ဒီလိုပဲ…ဖာ လုပ်ကြည့်ရင်ကောင်းမလား စဉ်းစားမိလို့ပါ”
တော်တော်ထူးဆန်းတဲ့ ငါးဖောင်ရိုးမ ။ သူ့အိပ်ထဲမှာလည်း ငါးထောင်တန်အထပ်လိုက်ရှိနေပါရက်နဲ့ သူက ပြည့်တန်ဆာလုပ်ဦးမတဲ့ ။ ပြီးတော့ ဒီနေ့မှ စမှာတဲ့ ..။
“ကဲပါလေ..ရှင်က ကျွန်မရဲ့ ပထမဆုံးဖောက်သည် ဖြစ်မလာပေမယ့်..ကျွန်မရဲ့ စကားပြောဖော်တော့ လုပ်ပေးနိုင်တယ် မဟုတ်လား…”
“လာ..ရှင်နဲ့ကျွန်မ ကန်တော်ကြီးထဲ သွားကြမယ်လေ”
ဒီတစ်ခါလည်း သူ့စကားကို ကျွန်တော်မငြင်းမိပြန်ဘူး ။
အင်္ကျီအနီနဲ့ ငါးဖောင်ရိုးမလေးက သူ့ခုံမြင့်ဖိနပ်လိုးလိုးလက်လက်အဝါကြီးကို စီးပြီး စပ်တောက် စပ်တောက်နဲ့ လျှောက်သွားတယ် ။
ကန်တော်ကြီးကို ကျွန်တော်မကြိုက်ဘူး ။
ဘာလို့လဲမသိဘူး.. ကန်တော်ကြီးထဲက ရေတွေကို မြင်ရင် ကျွန်တော် အမြဲတမ်း ပျို့ပျို့တက်တယ် ။
ကန်တော်ကြီးထဲက ရေအရောင်က မိစ္ဆာတစ်ကောင်ရဲ့ လည်ပင်းထဲက ထွက်လာတဲ့ အစိမ်းရောင်သွေးတွေလိုပဲ မြင်တာနဲ့ ချွဲကျိကျိ ခံစားချက်ကြီးကို ခံစားရတယ်လို့ ကျွန်တော်ထင်တယ် ။
ကျွန်တော်တို့ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ကြတယ် ။
ကောင်မလေးက သူ့ဘလောက်စ်အင်္ကျီကို ဆွဲချပြီး အသက်ကို ပြင်းပြင်းရှုတယ် ။
ကျွန်တော် ကိုယ် ကျွန်တော် ဒီတော့မှ ပြန်စဉ်းစားမိတယ် ။
ငါဘာတွေ လျှောက်လုပ်နေမိပါလိမ့် ။ ဒီအချိန်က ငွေမလိုအပ်ပဲ ပြည်တန်ဆာလုပ်မယ်ဆိုတဲ့ ခပ်ကြောင်ကြောင်ကလေးမတစ်ယောက်နဲ့ အတူတူ ထိုင်နေရမယ့်အချိန်မဟုတ်ဘူး ။
မြို့ထဲမှာ ကျွန်တော့်ဆောင်းပါးတစ်ပုဒ်အတွက် ကုန်ကြမ်းရှာရမယ့်အချိန် ။
ဟူး…။
ကျွန်တော့်သက်ပြင်းချပြီး ခေါင်းခါတာကို ဂေးရှားမယ်ငါးဖောင်ရိုးက ကြည့်ပြီး ရယ်တယ် ။
“ရှင်က တော်တော် အူကြောင်ကြောင်နိုင်တာပဲ”
ကျွန်တော် ထပြန်ဖို့ မတ်တပ်ရပ်လိုက်တယ် ။
“နေပါအုံး ရှင်ရဲ့…ကျွန်မတို့ ဘာစကားမှတောင်မပြောရသေးဘူး”
သူ့လက်သေးသေးလေးတွေက ကျွန်တော့် အင်္ကျီစကို ဆွဲထားတယ် ။
ဒါနဲ့ ရှင့်နာမည် ဘယ်လိုခေါ်လဲ ။
ကျွန်တော့်နာမည် သူ့ကို ပြောပြလိုက်မိတယ် ။
“အော်…ရှင် ဘာအလုပ်လုပ်လဲရှင့်”
ကျွန်တော့်အလုပ်လည်း သူ့ကိုဖြေမိလိုက်တာပဲ ။
“အော်..ကော်လံစားဆောင်းပါးရေးတာဆိုတော့ သိပ်တော့ လျှံပုံမရဘူးနော်”
ဘာတွေ လာပြောနေမှန်းမသိ ။
“ဒီလိုလုပ်ပါလား ရှင်စာမူခထုတ်တဲ့နေ့ ကျွန်မ ဖောက်သည် လုပ်လိုက်လေ.. ရှင့်ကို ဒီအထူးအခွင့်အရေး ပေးလိုက်မယ်”
အာ..ဒီသောက်ရူးမ… ကျွန်တော်စိတ်ထဲကပဲ ဆဲလိုက်မိတယ် ။
ကန်တော်ကြီးကို ဖြတ်တိုက်လာတဲ့လေက ပူပူကြီး ။
“ဒါနဲ့ ရှင့်ဘဝမှာ ပထမဆုံးအတူနေခဲ့ဖူးတဲ့ စော် နာမည်ကို ရှင်မှတ်မိလား”
ဟူး လာပြန်ပြီ ဘာတွေ မေးနေမှန်းမသိ ။ ကျွန်တော် စိတ်ရှုပ်တဲ့ပုံနဲ့ ခေါင်းခါပြလိုက်တယ် ။
“အင်းပါ..ကျွန်မကိုယ် ကျွန်မတောင် မိတ်မဆက်ရသေးဘူး.. ကျွန်မနာမည် အက်ဒရီယာနာ လို့ ရှင်မှတ်ထားနိုင်ပါတယ်”
ဘယ်နှယ့်….. အယ်ဒရီယာနာ တဲ့တုန်း..။
“အက်ဒရီယာနာကို ရှင်သိချင်လည်း သိမှာပေါ့..ရောမက မိန်းမပျက် ဝတ္တုထဲက မင်းသမီးလေ”
သူပြောမှပဲ ကိုယ်ဟန်ပြမယ်ဘဝကနေ ပြည့်တန်ဆာ ဖြစ်သွားတဲ့ Alberto Moravia ရဲ့ အဲ့ဒီဝတ္တုထဲက မင်းသမီးနာမည်က အက်ဒရီယာနာဆိုတာ ကျွန်တော် သတိရမိသွားတယ် ။
“ကျွန်မ က ရွှေပြည်သာမှာ နေတယ်.. ၊ မိထွေးနှစ်ယောက်နဲ့နေတာ…ဟင်းဟင်း မိထွေး နှစ်ယောက်နဲ့နေတာဆိုလို့ မအံသြသွားနဲ့ ကျွန်မအဖေက အမေဆုံးတော့ မိန်းမတစ်ယောက်ကို လက်ထပ်လိုက်တာ အဲ့ဒီမိန်းမရဲ့ ညီမနဲ့လည်း နောက်တစ်နှစ်အကြာမှ ထပ်လက်ထပ်လိုက်သေးတယ်”
မိထွေးနှစ်ယောက်နဲ့ နေတယ်ဆိုတဲ့ ဂေးရှားမလေးရဲ့ မျက်လုံးတွေက ဟိုးကန်ရေပြင်ကို စူးစူးစိုက်စိုက်ကြည့်နေတယ် ။
ပြီးတော့ သူ့နှုတ်ခမ်းချွန်ချွန်တွေက စကားလုံးတွေထွက်နေတယ် ။
ဟုတ်တယ် သူ့နှုတ်ခမ်းက အခြားသူတွေလို ဖူးဖူးလေးတို့ ထူထူလေးတို့ ပါးပါးလေး တို့ဆိုတဲ့ စကားလုံး ကို သုံးတာထက် ချွန်ချွန်လို့ သုံးရင် ပိုကောင်းမယ်ထင်ရတဲ့ နှုတ်ခမ်းမျိုးပေါ့..။
“အဖေက ဘီယာဆိုင်တွေဖွင့်ထားတယ် ။ မိထွေးနှစ်ယောက်မှာ မိထွေးကြီးက အထည်ချုပ်စက်ရုံကို ဦးစီးတယ် ။ မိထွေးအငယ်က ကျွန်မနဲ့ အိမ်ရဲ့ ဝေယျာဝစ္စတွေလုပ်တယ် ။ ကျွန်မ ငယ်ငယ်ကတည်းက စာအုပ်ပုံထဲမှာ ပဲ ကြီးပြင်းခဲ့ရတာ…။ ကျွန်မလေ…ကျွန်မ………….”
ကောင်မလေးက သူ့နှာခေါင်းထိပ်ဖျားကို သူ့လက်ချောင်းသေးသေးလေးနဲ့ ကုပ်ပြီး ပြောနေတယ် ။
ကျွန်တော်က သူ့ဘယ်ဘက်ခြေဖမိုးထဲ တိုဝင်နေတဲ့ ခြေချောင်းလေးတစ်ချောင်းကို ကြည့်ပြီး စိတ်တွေ လှုပ်ရှားလာတယ်။
သူကတော့ ဆက်ပြောတယ်။
“တစ်ခါတစ်ခါ သေခြင်းနဲ့ ရှင်သန်ခြင်းစပ်ကြားမှာ ကျွန်မတို့ မသိနားမလည်လိုက်တဲ့ ဘဝပုံစံတွေ အများကြီးပဲ ။ အဲဒီ ဘ၀ ပုံစံတွေကို ကျွန်မက စိတ်ဝင်စားတယ် ။ ဒီလောက် ရွေးချယ်စရာတွေအများကြီးရှိတဲ့ ဘ၀ ပုံစံတွေကြားမှာ ကျွန်မတို့က ဘာလို့ ကိုယ့်ဘ၀ ပုံစံကို ကိုယ်ရွေးချယ်ခွင့်မရှိရတာလဲ… ပြီးတော့.. ကျွန်မလည်း အဲဒီလို ဘဝတွေမှာ ကြင်လည်ခွင့်ရှိတယ်လို့ ယူဆတယ် ။ ရှင် ရော ဘယ်လိုထင်လဲ”
သူ့စကားကို ကျွန်တော်ပုခုံးတွန့်ပြပြီး ဆက်ပြောဖို့ အချက်ပြလိုက်တယ် ။
“ကျွန်မ တစ်ခါတစ်လေ အက်ဒရီယာနာ လို ယောင်္ကျားကြီးငယ်တွေရဲ့ ရင်ငွေ့တွေကြားက ချွေးစိုနေတဲ့ ပိုက်ဆံတွေကို နမ်းကြည့်ချင်ဘူးတယ်.. .တစ်ခါတစ်ခါ မေရီအင်တွိုင်းနက် လို့မျိုး ခေါင်းဖြတ်စက်တစ်ခု ရှေ့မှာ လူတွေကို လက်ညိုးထိုးသေမိန့်ပေးနိုင်တဲ့ ဘဝမျိုး လိုချင်ခဲ့ဘူးတယ်.. တစ်ခါတစ်ခါတော့ ခပ်တုံးတုံးအိမ်ရှင်မတစ်ယောက်လိုပဲ သူ့ယောင်္ကျားအိမ်ပြန်ချိန်ကို အဝတ်တွေလျှော်ရင်း စောင့်နေချင်တယ်..တစ်ခါတစ်ခါလည်း လေဒီဂါဂါလို ရူးနှမ်းနှမ်းပေါ့စတားဘဝမျိုးပေါ့”
“အဲဒါနဲ့ ကျွန်မ ဒီနေ့ ဖာသည် တစ်ယောက်လုပ်ကြည့်ချင်ခဲ့တာပဲ”
သူပြောတာမျိုးတွေကို ကျွန်တော်တစ်ခါတစ်ခါတွေးမိဘူးပါတယ် ။
ဒါပေမယ့် ဒီကောင်မလေးလောက်တော့ လက်တွေ့ကျကျ စောက်ရူးမထဖူးဘူး။
“မင်းကွာ..လုပ်စရာရှားလို့ ဖာသည် လုပ်ချင်ရတယ်လို့..မင်းက မိန်းမကောင်းလေးတစ်ယောက်လေ… ပြီးတော့ မင်းဘဝကို မင်း တန်ဖိုးထားသင့်တယ်ကွ”
ကျွန်တော့်အသံက ဒေါသသံဆိုတာထက် ကရုဏာသောသောပြောတဲ့လေသံမျိုးပေါက်အောင် အတတ်နိုင်ဆုံးထိန်းပြောလိုက်တာပါ ။
“မိန်းမကောင်း ဟုတ်လား..။ ကျွန်မမေးခွန်းတစ်ခုမေးမယ် ။လောကမှာ သူတစ်ပါးကို မှီခိုသူနဲ့ ကိုယ့်ဘာသာရပ်တည်သူ ဘယ်သူက ပိုပြီး လူပီသလဲ ။ မြင့်မြတ်လဲ ။ ဘဝအဓိပ္ပါယ်ရှိလဲ..။”
“ကိုယ့်ဘာသာ ရပ်တည်သူ ပေါ့” စဉ်းစားစရာမလိုတဲ့ သူ့မေးခွန်းကို ကျွန်တော်ချက်ချင်းဖြေလိုက်တယ် ။
“ဟုတ်ပြီ ဒါဆို ပြည်တန်ဆာမတစ်ယောက်နဲ့ ဘုရင့်သမီးတော် ဘယ်သူက ပိုမြင့်မြတ်လဲ”
“ဘုရင့်သမီးတော်ပေါ့ကွ”
“ရှင်သိပ်ရယ်ရတာပဲ ….ခုနပြောတော့ ကိုယ့်ဘာသာ ရပ်တည်တဲ့သူက မြင့်မြတ်တယ်တဲ့..ကဲ ရှင်စဉ်းစားကြည့်စမ်းပါ… နန်းတော်ကြီးထဲမှာနေပြီး ပြည်သူလူထုက ထမ်းဆောင်တဲ့အခွန်တွေကို မှီခိုပြီး ရွှေငွေတွေသီးနေတဲ့ ဘုရင့်သမီးတော်တစ်ယောက်နဲ့ ကိုယ့်ဝမ်းစာရေးအတွက် ကိုယ့်ခန္ဓာအသွေးအသားကို ရင်းနှီးပြီး ကိုယ့်ဘာသာရပ်တည်နေတဲ့ ပြည်တန်ဆာမ ဘယ်သူ ပိုတန်ဖိုးရှိလဲ..မြင့်မြတ်လဲ..”
“ဘယ်သူက မှီခိုသူလဲ ဘယ်သူက ရပ်တည်သူလဲ”
“ဘယ်သူက အချောင်သမားလဲ.. ဘယ်သူက သူရဲကောင်းလဲ”
ပူစပ်ပူလောင်နေ့လည်ခင်းထဲမှာ သူ့စကားလုံးတွေက ကျွန်တော့် ဦးနှောက်ထဲကို ရေနွေးပူတွေ လောင်းထည့်လိုက်သလိုပါပဲ ။
ကျွန်တော်တို့ ထိုင်ခုံနဲ့ မလှမ်းမကမ်း မြက်ခင်းပြင်က အတွဲလေးတစ်တွဲဆီက ရယ်သံ ကျယ်ကျယ် လောင်လောင်ထွက်လာတယ် ။
အက်ဒရီယာနာ လို့ သူ့ကိုယ်သူပြောတဲ့ ကောင်မလေးမျက်နှာက မိတ်ကပ်ထူထူတွေကို ကျွန်တော်ငေးမိတယ် ။
သူ့ နှုတ်ခမ်းချွန်ချွန်တွေက တစ်ခုခုကို ပြောမလို အားယူနေသလိုပဲ..။
အက်ဒရီယာနာ စကားတစ်ခွန်းပြောတယ်..။
“ ကျွန်မ…. မှီခိုနေရတဲ့ဘဝကို မုန်းတယ်…ကျွန်မသာဆို ပြည်တန်ဆာ ဘ၀ ကိုပဲ ရွေးချယ်မယ်..ရွေးချယ်မယ်..”
အက်ဒရီယာနာက ရွေးချယ်မယ်ဆိုတဲ့ စကားကို ဆက်ခါဆက်ခါပြောနေတယ်..ပြီးတော့ ကန်တော်ကြီးရဲ့ ရေပြစ်ပြစ်တွေကို ငေးကြည့်နေပြန်တယ် ။
ကျွန်တော်က တစ်ချောင်းတိုဝင်နေတဲ့ သူ့ဘယ်ဘယ် ခြေချောင်းလေးတွေကို ကြည့်တယ်…။
ကျွန်တော်တို့ နှစ်ယောက်ကြား အကြာကြီး တိတ်ဆိတ်သွားသလိုပဲ……….။
ကန်ရေပြင်ကို ကြည့်နေတဲ့ အက်ဒရီယာနာက တိုးတိုးလေး စကားတစ်ခွန်းရွတ်လိုက်တယ်..။
“တော်တော် မွန်းမှာ ပဲနော်” တဲ့…။
အင်း..ဒီစကားကို ကျွန်တော် ကြားဖူးသလိုပဲ…တစ်နေရာရာမှာ..။
ဟုတ်တာပေါ့… ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ ကြည်အေး ရဲ့ မီ ဆိုတဲ့ ဝတ္တုထဲမှာ မီ က ကန်ရေပြင်ကို ကြည့်ပြီး အဲ့ဒီလို ရွတ်ခဲ့ဖူးတာပဲ…။
အကြာကြီးနေတော့ ကျွန်တော့်ဖုန်းနံပါတ်ကို အက်ဒရီယာနာက တောင်းသွားတယ်..။
“ကဲ ကျွန်မပြန်တော့မယ်…. ကျွန်မ ပြည်တန်ဆာမလုပ်ဖြစ်တော့ပါဘူး.. ဘာလို့လဲဆိုတော့ ကျွန်မ ပြောချင်တာကို နားထောင်ပေးတဲ့ ရှင့်ကို သနားလို့ပဲ”
ဟင် ဘာမှ လည်း မဆိုင်ဘူး ။ ကျွန်တော့်ကို သူက ဘာသနားတာလဲ..။
တစ်ခုခု မေးဖို့ ကျွန်တော်ပြင်လိုက်စဉ်မှာပဲ သူက ချာခနဲ လှည့်ထွက်သွားပါပြီ..။
နေက တိမ်တိုက်တစ်အုပ်ထဲ ပြေးဝင်သွားလို့ နေ့လည်ခင်းက နည်းနည်းအပူသက်သာသွားတယ် ။
အက်ဒရီယာနာရဲ့ ခုံမြင့်ဖိနပ်အဝါကြီးကို အဝေးကြီးရောက်တဲ့အထိ လှမ်းမြင်နေရသေးတယ် ။
သူမက………ဘုရင့်သမီးတော်လား… ပြည့်တန်ဆာလား……………………။
ကျွန်တော်ကရော………………….။
နောက်တစ်ခါ (၄၃)ဘတ်စ်ကားစီးရင် အက်ဒရီယာနာပြောသွားတဲ့ ပိုက်ဆံ နှစ်သောင်းခုနှစ်ထောင့်ငါးရာ ကို ဆောင်လာခဲ့ရမလား။
ဟူး…။
ခက်ဇော်
၂၀၁၄ ဒီဇင်ဘာ
ခေတ်ဆိုးအိပ်ကပ်ထဲမှလူငယ်ဘဝ စာအုပ်မှ