ဂျပန်နိုင်ငံတွင် မေလအတွင်း ကျင်းပပြုလုပ်ခဲ့သော နွေဦးရုပ်ရှင်ပွဲတော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ပုံငွေကျပ် သိန်း ၂၀၀၀ ကျော်ရရှိကြောင်း နွေဦးရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့က ထုတ်ပြန် ပြောဆိုသည်။။
စစ်အာဏာရှင်တော်လှန်ရေး ရန်ပုံငွေ ရရှိရန်အတွက် နွေဦးရုပ်ရှင်ပွဲတော် Myanmar Spring Film Festival Japan ကို မေလတွင်းက ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပခဲ့ရာ ရန်ပုံငွေ မြန်မာငွေကျပ် သိန်း ၂၀၀၀ ကျော် ရရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၊ တိုကျို၊ ယိုကိုဟားမား ၊ နာဂိုယာ၊ အိုဆာကာ၊ ဂွန်းမား၊ အိုခီနာဝါ နှင့် ဟိုကိုင်းဒိုး စသည့် မြို့ကြီး ၇ မြို့၌ မေ ၆ ရက်မှ မေ ၂၈ ရက်အထိ တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ၇ ကား ရုံတင်ပြသခဲ့ပြီး ဂျပန်နိုင်ငံရှိ တော်လှန်ပြည်သူလူထု၏ တခဲနက်အားပေးမှုကို ရရှိခဲ့ကြောင်း သိရှိရသည်။
နွေဦးရုပ်ရှင်ပွဲတော်တွင် ‘ရှိခဲ့သည် (There was)’၊ ‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’(Our Turn)၊ ‘အမတ နှင်းဆီ (IMMORTAL ROSE)’၊ ‘မြို့ပြပြောက်ကျားUG’၊ ‘ပြန်တမ်း’ (The Remembrance) ၊ ‘ဖိုးမောင်ပြန်လာပြီ’၊ ဆုလာဘ် အစရှိသော ရုပ်ရှင်ဇာတ်ကား ၇ ကား ပြသခဲ့ပြီး ဒါရိုက်တာ၊ သရုပ်ဆောင်များကလည်း အွန်လိုင်းမှတဆင့် တက်ရောက်၍ ပရိသတ်များနှင့် တိုက်ရိုက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
နွေဦးရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားအချို့၏ ရုပ်ရှင်အမှတ်တရပစ္စည်းရောင်းချခြင်း၊ လေလံတင်ရောင်းချခြင်း၊ အစားအသောက်ရောင်းချခြင်း၊ မဲရောင်းချခြင်း၊ ရုပ်ရှင်ချိန်အတွင်း အလှူငွေကောက်ခံခြင်း စသည်တို့အပါအဝင် ရုပ်ရှင်ကားပြသမှုများမှ စုစုပေါင်းဝင်ငွေ ဂျပန်ယန်း ၁၀,၃၉၀,၄၆၆ (မြန်မာကျပ်ငွေ သိန်းပေါင်း ၂၀၀၀ ကျော်) ရရှိခဲ့ကြောင်း၊ အဆိုပါဝင်ငွေရရှိမှုများကို သက်ဆိုင်ရာ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများထံ ခွဲဝေပေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် အာဏာရှင်ဆန့်ကျင်ရေးအတွက် မြေပြင်တွင် လိုအပ်နေသော အဖွဲ့အစည်း၊ နေရာများသို့ ပေးပို့မည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီရုပ်ရှင်ပွဲတော်ကိုတော်လှန်ရေးနဲ့တွဲကြည့်တွဲမြင်တဲ့သူတွေက အများစုရှိမယ်လို့ထင်ပါတယ်။ ဒီတော်လှန်ရေးကြောင့်ဆုံးရှုံးသွားရတဲ့အသက်၊ အိုးအိမ်စည်းစိမ်တွေ၊ တကွဲတပြားဖြစ်ကြရတဲ့မိသားစုတွေ၊ဆင်းရဲဒုက္ခရောက်ကြရတဲ့ပြည်သူ့ဘဝတွေရဲ့ဖြစ်ရပ်မှန်တွေကို သတင်းမီဒီယာတွေ၊ပတ်ဝန်းကျင်ကသူတွေကနေတဆင့် ကျမတို့ဟာ ရင်နဲ့မဆန့်အောင်သိပြီးကြားပြီးမြင်ပြီးကြပါပြီ”ဟု နွေဦးရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့သူ ဂျပန်ရောက် မြန်မာတစ်ဦးက ဆိုသည်။
နွေဦးရုပ်ရှင်ပွဲတော် Organizer တစ်ဦးကမူ “၂ နှစ်ကျော်ကြာတဲ့ထိ နွေဦးတော်လှန်ရေး အားမလျော့သွားတာဟာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့အားပါ။ သွေးအေးပြီလို့ အမျိုးမျိုးသွေးခွဲစကားတွေကြား မယိုင်မလဲဘဲ ယခု နွေဦးရုပ်ရှင်ပွဲတော်မှာလည်း ဂျပန်ရောက်ပြည်သူတွေရဲ့အား ကိုပြခဲ့ပြန်ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ နွေဦးအောင်ပွဲဟာလက်တစ်ကမ်းအလိုမှာပါ။ အားလုံးအတူတူရှေ့ဆက်လျှောက်ဖို့ ရုပ်ရှင်ကြည့် ရဲဘော်တွေဘဝခဏတာဝင်ခံစားရင်း အားတစ်ခုဖြည့်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။