ဧရာဝတီတိုင်း၊ ငရုပ်ကောင်းနှင့် ငွေဆောင်မြို့နယ်ခွဲအနီး ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည်ဟု အကြောင်းပြ၍ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးမှု အကြိမ် ၂၀ နီးပါးရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ငရုပ်ကောင်းမြို့ သဲဖြူကျေးရွာအနီးသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့နှင့်၂ ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)အင်အား ၂၀ဦးခန့် ဖြင့် စစ်ကြောင်းထိုးမှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ကျေးရွာဒေသခံများက ပြောသည်။
“ပြည်သူ့စစ် နဲ့ စစ်တပ် စုစုပေါင်း အယောက်၂၀ ဝန်းကျင်လောက်ရှိမယ်။ PDF တွေရှိတယ်ဆိုပြီး တော့ရွာအနီးကို စစ်ကြောင်းလာထိုးတာ ။ ၃ရက်နေ့ ညနေပိုင်းကျတော့ အကုန်ပြန်သွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် သဲဖြူကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူငွေဆောင်မြို့နယ်ခွဲရှိ ဆင်မကျေးရွာအနီးသို့လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုး ပြုလုပ်ခဲ့ကာ ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
“ရွာထဲကို စစ်တပ်တွေ ခဏ ခဏ ဝင်နေတယ် ။အခုကပြည်သူ့စစ်တွေပါသုံးပြီး စစ်ကြောင်းလာထိုးတာ။ အယောက်၃၀ လောက်ရှိမယ်။ ၃ ရက်လောက်ကို ရွာထဲနဲ့ ရွာအနီးမှာပါ စစ်ကြောင်းထိုးတယ်။ ဧည့်စာရင်းတွေစစ်သွားတယ်” ဟု ဆင်မကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။
ငရုပ်ကောင်းမြို့နယ်နှင့် ငွေဆောင်မြို့နယ်ခွဲရှိ ကျေးရွာများအနီးသို့ ပြီးခဲ့သည့် ဇူလိုင်လ၊သြဂုတ်လနှင့် စက်တင်ဘာလတို့၌ စစ်ကောင်စီတပ်မှ အင်အား ၅၀ နီးပါးဖြင့် တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည်ဟု အကြောင်းပြကာ စစ်ကြောင်းထိုးမှု အကြိမ် ၁၀၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။