ငလျင်ဒဏ်ခံစားခဲ့ကြရတဲ့ ဂျပန်ပြည်သူတွေ အတွက်ဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရရှိသူတွေ အမြန်ဆုံး ပြန်လည် ကျန်းမာလာဖို့တောင်းဆုပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဂျပန်ပြည်သူတွေအတွက် ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မြန်မာပြည်သူတွေနဲ့ အတူ ဆုတောင်းမေတ္တာပို့သတယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံမှာ ဇန်နဝါရီလ၁ရက်နေ့က ရစ်(ခ်)တာစကေး ၇.၆အဆင့်ရှိတဲ့ အင်အားပြင်းမြေငလျင်တွေ လှုပ်ရှားခဲ့တာကြောင့် ဂျပန်နိုင်ငံရဲ့ Toyama, Hyogo, Niigata, Fukui နဲ့ Yamagata စတဲ့ပြည်နယ်များက ကမ်းရိုး တန်းတလျောက်မှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုဖြစ်စဉ်အတွင်း ဂျပန်ပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး အဆောက်အဦးတွေလည်း ပျက်စီးခဲ့သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေရှိတဲ့အတွက် ဒဏ်ရာရရှိသူတွေ အမြန်ဆုံးကျန်းမာပါစေကြောင်း ဆုတောင်းပြီး ဂျပန်ပြည်သူတွေ၊ လွှတ်တော်၊ အစိုးရတို့နဲ့ အတူ ရပ်တည်နေကြောင်းလည်း CRPH ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။