မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၆၀ ကျော်အား ဖမ်းဆီးသွားပြီး ယနေ့နံနက်ပိုင်းအထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၁၁ ရက်)နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာမှ ထွက်လာသည့်အင်အား ၁၀၀ပါ စစ်ကောင်စီစစ်ကြောင်းသည် ရက္ခဒီပရွာ၊ လကာ်ဒီပရွာ၊ အောင်သုခရွာနှင့်လက်ပံသာကျေးရွာတို့အား စစ်ကြောင်းထိုးခဲ့သည်။
ထို့နောက် လက်ပံသာရွာမှ ဒေသခံပြည်သူ ၅၇ ဦးနှင့် အောင်သုခရွာမှ ပြည်သူ လေးဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများပြောသည်။
၎င်းတို့အားလုံးကို လက််ပံသာရွာ ဘုန်းကြီးကျောင်း၌ ဖမ်းဆီးထားပြီး ယနေ့ (စက်တင်ဘာ ၁၂ရက်) အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
“လက်တလောမှာ လက်ပံသာရွာမှာပဲ ရှိနေတယ်။မနေ့ကထိတွေ့မှုတော့မရှိဘူး။”ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူကပြောသည်။
သားကျင်ကျေးရွာရှိ စတိုးဆိုင်တစ်ဆိုင်ကိုလည်း စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ရက်တွင် နှစ်ရက်ဆက်ဝင်ရောက်ပြီး ဆန်အိတ်အပိုင်း ၇၀နှင့် ဆိုင်ရှိပစ္စည်းများအား လုယူသယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းကလည်း ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာသိို့လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ငါန်းဇွန်(ပကဖ) အဖွဲ့က ပြောသည်။