မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သားကျင်ရွာသား ပြည်သူ ၅၀ ကျော်ကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် သားကျင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာပြည်သူများကို ဖမ်းဆီးပြီး အမျိုးသမီးများကို ပြန်လွှတ်ပေးကာ အမျိုးသား ၅၀ ကျော်ကို သားကျင်ရွာ ကောင်စီရုံးအတွင်း၌ ဖမ်းဆီးထားပြီး လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
“သားကျင်ရွာမှာက စစ်ခွေး အထိုင်စခန်းရှိတယ်။ ကျေးရွာသား ပြည်သူတွေကို ဘာကြောင့် ဖမ်းဆီးလည်းဆိုတာတော့ မသိရသေးဘူး။ အမျိုးသမီးတွေကို လွှတ်ပေးလိုက်ပြီလို့ သိရပေမယ့် အမျိုးသား ၅၀ ကျော်ကို အခုထိဖမ်းထားတုန်းပဲ” ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။