အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချထားတဲ့ အစိုးရငွေတိုက်စာချုပ်ဝယ်ယူထားကြသူတွေအနေနဲ့ ငွေတိုက်စာချုပ် ၂ နှစ်ပြည့်တဲ့ ဒီဇင်ဘာ ၁ ရက်မှာ ပြန်လည်ရွေးနုတ်လိုသူတွေကို စာချုပ်ပါစည်းမျဉ်းတွေနဲ့အညီ ခွင့်ပြုမယ်ဆိုတာနဲ့ ပြန်လည်ရွေးနုတ်ရန် အစီအစဉ်မရှိသူတွေအနေနဲ့ ထပ်မံသက်တမ်းတိုးတာနဲ့ ရောင်းချနေတဲ့ မြေကွက် ၊ တိုက်ခန်းနဲ့ ရှယ်ယာပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲသတ်မှတ်နိုင်တယ်လို့ စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ “အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့” ကြွေးကြော်သံနဲ့ ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်တွေကနေ ရရှိခဲ့တဲ့ ဘဏ္ဍာရန်ပုံငွေတွေက ယနေ့မြင်တွေ့နေရတဲ့ နွေဦး တော်လှန်ရေးအောင်ပွဲများရယူရာမှာ အဓိကကျတဲ့ ခွန်အားတရပ်အဖြစ် ထိရောက်စွာ အထောက်အပံ့ပြု လျက် ရှိနေတယ်ဆိုတာနဲ့ အဆိုပါ ငွေတိုက်စာချုပ်များကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်မှာ စတင် ရောင်းချခဲ့ပြီး အစောဆုံးခွန်အားဖြည့်ဝယ်ယူခဲ့တဲ့ ငွေတိုက်စာချုပ်များက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် နေ့မှစတင်ကာ ၂ နှစ် သက်တမ်းစေ့ရောက်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ပြည်သူများ ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်များရဲ့ ၂ နှစ်သက်တမ်းစေ့ရောက်မှုကို မိမိတို့လက်ဝယ်ရှိ စာချုပ်ပါရက်စွဲနဲ့ တိုက်ဆိုင်စစ်ဆေးသိရှိနိုင်မှာဖြစ်ပြီး သက်တမ်းစေ့ရောက်တဲ့ ငွေတိုက်စာချုပ်များကို ပြန်လည်ရွေးနုတ်လိုပါက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စာချုပ်ပါစည်းမျဉ်း စည်းကမ်းများနဲ့ အညီ ပြန်လည်ရွေးနုတ်ခွင့် ပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂ နှစ်သက်တမ်းစေ့ရောက်သော်လည်း ပြန်လည်ရွေးနုတ်ရန် အစီအစဉ်မရှိသေးတဲ့ ဝယ်ယူထားသူများ အနေနဲ့ ထပ်မံသက်တမ်းတိုးနိုင်သလို ၊ မျိုးသားညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့်မြေကွက်၊ တိုက်ခန်းနှင့် ရှယ်ယာ ပိုင်ဆိုင်မှုများအဖြစ် ပြောင်းလဲသတ်မှတ်ပေးတာတွေ ပြုလုပ်နိုင်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
အသေးစိတ်အချက်အလက်တွေကို ကာယကံရှင်တွေထံကို အီးမေးလ်ကနေ တစ်ဆင့် အသိပေးသွားမှာ လည်းဖြစ်ပါတယ်။
အတိုးမဲ့ငွေတိုက်စာချုပ်များကို တော်လှန်ရေးအောင်စိတ်နဲ့ ရဲဝံ့ယုံကြည်စွာ ဝယ်ယူရင်းနှီးမြှုပ်နှံ ထားကြတဲ့ တော်လှန်ပြည်သူတဦးချင်း၊ တယောက်ချင်းစီကို အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဦးညွှတ်ဂုဏ်ပြုရင်း တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်ပြီး မဆုတ်မနစ် ထောက်ကူ အားဖြည့်ပေးကြပါရန် အတွက်လည်း ထုတ်ပြန်ချက်ထဲမှာ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။