ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက စက်တော်ရွာဘုရားကုန်းတောင်စခန်းကို ဒီးမော့ဆို PDF က ဇွန်လ ၂ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဒီးမော့ဆို PDF ပြောရေးဆိုခွင့်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စက်တော်ရွာ ဘုရားကုန်းတောင်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီးမော့ဆို PDF တပ်ရင်း-၂ က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
“တိုက်ပွဲမှာ မျက်မြင်ချည်းပဲ ၂၀ လောက် သေသွားတာတွေ့တယ်။ ကျန်တာကိုတော့ အတည်ပြုလို့မရဘူး။ အင်အားကတော့ ၅၀ လောက်နဲ့ တပ်စွဲထားတာထင်တယ်။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ်တော့ရှိပါတယ်” လို့သူကပြောပါတယ်။
ကရင်နီပြည်နယ်မှာတော့ စစ်ကောင်စီနဲ့ ဒေသခံကရင်နီတော်လှန်ရေး အင်အားစုတွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ ဒီးမော့ဆို PDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
စစ်ကောင်စီက စစ်ရှောင်ပြည်သူတွေခိုလှုံနေတဲ့ ဒီးမော့ဆို အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ သူကပြောပါတယ်။